ဟော်မုဇ်ရေလက်ကြားကို ထရန့်ရေလက်ကြားဟု အမည်ပြောင်းလဲရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၂ ရက်တွင် Truth Social လူမှုမီဒီယာ၌ အကြံပြုရေးသားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားတွင် အီရန်က သင်္ဘောများကို နေ့စဉ်နီးပါး တိုက်ခိုက်နေသော်လည်း အဆိုပါရေလမ်းကြောင်းသည် အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင်ရှိကြောင်း ထရန့်က ထပ်မံအတည်ပြုခဲ့သည်။

အီရန်တောင်ပိုင်း ဆီရစ်ခ်မြို့ရှိ မင်္ဂလာဆောင်တစ်ခုကို အမေရိကန်က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ကလေးနှစ်ဦး အပါအဝင် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီးနောက် ၂၄ နာရီပင် မပြည့်သေးသည့်အချိန်တွင် ထရန့်က အဆိုပါ အကြံပြုချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုဆိုရင် အဲဒီရေလက်ကြားဟာ အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဖြစ်လို့ ဟော်မုဇ် ရေလက်ကြား (Hormuz Strait) ဆိုတဲ့ အမည်ကို ထရန့် ရေလက်ကြား (TRUMP STRAIT) လို့ ပြောင်းလဲသင့်ပါသလား။ အမေရိကန်နိုင်ငံလိုပဲ အဲဒါဟာ အရင်ကထက်ပိုပြီး ဆွဲဆောင်မှုရှိလာပါလိမ့်မယ်” ဟု ထရန့်က ရေးသားခဲ့သည်။

စက်တင်ဘာ ၁ ရက်က အမေရိကန်၏ တိုက်ခိုက်မှုများအပေါ် အီရန်က တုံ့ပြန်သည့်အနေဖြင့် ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန် စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်၍ တုံ့ပြန်ခဲ့ကာ အဆိုပါ တိုက်ပွဲများကြောင့် ရေနံစျေးနှုန်းများ ၄ ရာခိုင်နှုန်းခန့် မြင့်တက်သွားခဲ့သည်။

ဟော်မုဇ် ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး နေ့စဉ် ရေနံစည် သန်းပေါင်းများစွာ စီးဆင်းဖြတ်သန်းနေပြီဖြစ်ကြောင်း အမေရိကန် အရာရှိများက ထပ်လောင်းပြောဆိုနေသော်လည်း မကြာသေးမီ သီတင်းပတ်များအတွင်း ရေနံစျေးနှုန်းများ ကျဆင်းသွားခြင်း မရှိသေးပေ။

အီရန်ကမူ အဆိုပါ ရေလမ်းကြောင်းကို ပိတ်ထားဆဲဖြစ်ပြီး ၄င်းတို့၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသေးကြောင်း အခိုင်အမာ ပြောကြားထားသည်။

စက်တင်ဘာ ၂ ရက်တွင် ရေနံတင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရပြီး လူနှစ်ဦး သေဆုံးခဲ့ရမှုအတွက် အီရန်တွင် တာဝန်ရှိကြောင်း ဆော်ဒီအာရေးဗျနိုင်ငံက စွပ်စွဲခဲ့သည်။

ဗြိတိန် ရေကြောင်းကုန်သွယ်ရေး အဖွဲ့(UKMTO) က ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောများ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။

အမေရိကန်တွင် ဓာတ်ဆီ စျေးနှုန်းများ မြင့်တက်လျက်ရှိပြီး အမေရိကန် မော်တော်ယာဉ် အသင်း (AAA) ၏ ထုတ်ပြန်ချက်အရ အီရန်စစ်ပွဲမစတင်မီ တစ်ဂါလန်လျှင် ၃ ဒေါ်လာအောက်သာ ရှိခဲ့သော ဓာတ်ဆီစျေးမှာ စက်တင်ဘာ ၂ ရက်တွင် ၄ ဒသမ ၁၂ ဒေါ်လာအထိ မြင့်တက်သွားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားကို ထရန့် ရေလက်ကြားဟု အမည်ပြောင်းလဲရန် အကြံပြုချက်သည် အီရန်စစ်ပွဲကို ထိန်းချုပ်ထားနိုင်ကြောင်း ပြသလိုသည့် ထရန့်၏ နောက်ဆုံး ကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

ပြီးခဲ့သည့်လက ထရန့်သည် ဟော်မုဇ် ရေလက်ကြားအား အမေရိကန် ပိုင်နက်နယ်မြေဖြစ်သည်ဟု  ပြောကြားခဲ့သည်။

ထို့ပြင် ကနေဒါနိုင်ငံနှင့် လက်ရှိဖြစ်ပွားနေသော ကုန်သွယ်ရေး အငြင်းပွားမှုများကြောင့် အမေရိကန်နှင့် ကနေဒါ နှစ်နိုင်ငံစလုံးနှင့် ထိစပ်နေသည့် အွန်တေရီယို ရေကန်ကိုလည်း အမေရိက ရေကန်ဟု ထရန့်က အမည်ပြောင်းလဲခေါ်ဆိုခဲ့သည်။