ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တရုတ်နိုင်ငံထုတ် အီလက်ထရောနစ်စီးကရက် (Vape) ပစ္စည်းများ ရောင်းချနေသည်ဟုဆိုသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဩဂုတ် ၁၅ ရက်၊ နံနက် ၁၁ နာရီခန့်တွင် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ နယ်မြေ (၂)၊ ကမ္ဘောဇလမ်းရှိ Misty Blind Box အရုပ်ရောင်းသည့်ဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ရှာဖွေစစ်ဆေးရာတွင် ဆိုင်အရောင်းတာဝန်ခံ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပြီး ဆိုင်ကောင်တာအံဆွဲ ၂ ခုအတွင်းမှ အီလက်ထရောနစ်စီးကရက် (Vape) စက်အစုံ ၈၀ ခု၊ Vape စက်ခေါင်း ၅၀ ခုနှင့် Vape အသုံးပြုသည့် ဆေးရည်ဗူး ၄၀ ဗူးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“အခုလို Vape ပစ္စည်းတွေကို ရောင်းချတဲ့ဆိုင်တွေကို ဝင်ရောက်စစ်ဆေးတာတွေ ရှိလာတဲ့အတွက် ဆိုင်ပိုင်ရှင်တွေနဲ့ အလုပ်လုပ်နေတဲ့သူတွေလည်း စိုးရိမ်နေကြပါတယ်။ ဘယ်လိုပစ္စည်းတွေကို ရောင်းချခွင့်ရှိ၊ မရှိဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးကပြောပါတယ်..
သိမ်းဆည်းရမိသည့် ပစ္စည်းများ၏ စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ ကျပ် ၂၁ သိန်းခန့်ရှိပြီး ဖမ်းဆီးခံရသည့် အဆိုပါ အမျိုးသားကို Vape ပစ္စည်းများ ရောင်းချမှုနှင့်ပတ်သက်၍ တောင်ကြီးမြို့မနယ်မြေခံရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။