ကွယ်လွန်ခဲ့ပြီဖြစ်သော တစ်ချိန်က ဘိန်းဘုရင် ခွန်ဆာ၏ လက်ထောက်လုပ်ခဲ့ဖူးပြီး နောက်ပိုင်း မူးယစ်ဘုရင် ဖြစ်လာသည့် လာအိုတာဆန်းလီ (၈၆ နှစ်) သည် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသော်လည်း ထိုင်း မိဘုရားကြီး၏ (၄၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ပါဝင်ကာ ထောင်မှ လွတ်မြောက်လာခဲ့သည်။
ဩဂုတ် ၁၄ ရက်က ဘန်ခွမ်းဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကျင်းပမှုကို ဖေ့စ်ဘွတ်တွင် တင်ခဲ့ရာ လွတ်ငြိမ်းစာရင်းထဲ လာအိုတာ ပါဝင်သည်ကို သိရှိရခြင်း ဖြစ်သည်။
လာအိုတာသည် ချင်းမိုင်၊ မယ်အိုင်ခရိုင်၊ သာထုံရွာသားဖြစ်ကာ ၂၀၁၆ ခုနှစ်အောက်တိုဘာလက မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်များ ကိုင်ဆောင်မှုဖြင့် ဖမ်းခံရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသူ ဖြစ်သည်။
လာအိုတာကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးစဉ် စိတ်ကြွဆေး crystal methamphetamine ၂၀ ကီလိုဂရမ်နှင့် စစ်သုံးလက်နက်များစွာနှင့်အတူ ပိုင်ဆိုင်မှု ဘတ် ၁ ဘီလီယံကျော်ကို သိမ်းဆည်းနိုင်ခဲ့သည်။
လာအိုတာသည် ယခင်က ကူမင်တန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ကာ ခွန်ဆာ၏ လက်ထောက်အဖြစ်မှ မူးယစ်ဘုရင်တစ်ဆူအဖြစ် နာမည်ံကြီးလာခဲ့သူ ဖြစ်သည်။

Ref:bangkokpost