လိုင်စင်မဲ့ နိုင်ငံခြားသားအလုပ်သမားများအရေး စီမံချက်ချမှတ် ဖမ်းဆီးနေမှုတွင် တရားမဝင်တရုတ်လုပ်သားများ တစ်ရက် ဘတ် ၂၂၀၀ ဖြင့် ဆောက်လုပ်ရေးလုပ်သားများအဖြစ် လုပ်ကိုင်နေသည်ကို သိရှိရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဩဂုတ် ၁၉ ရက်က ဘန်ကောက်ရှိ ဟွိုင်ခွမ်းအရပ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလည်ဗီဇာဖြင့်သာ ထိုင်းသို့ ဝင်ရောက်လာပြီး အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ တစ်ရက် ယွမ် ၄၅၀ နှုန်း (ဘတ် ၂၂၀၀) နှုန်းဖြင့် လုပ်ကိုင်နေကြောင်း သိရှိခဲ့ရသည်။

ထိုင်းတွင် တရားဝင် ဆောက်လုပ်ရေးလုပ်သားများ၏ တစ်နေ့အနည်းဆုံးဝင်ငွေ သတ်မှတ်မှုသည်ပင်လျှင် ဘတ် ၂၂၀၀ မရှိသဖြင့် ဖမ်ဆီးစစ်ဆေးနေကြောင်း ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ယင်းတစ်ရက်တည်းမှာပင် ထိုင်းနိုင်ငံအရှေ့ပိုင်း ရာယောင်းခရိုင် ဘန်ချန်းရပ်တွင် ဆောက်လုပ်နေသည့် ဒေတာစင်တာကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ရာ အလုပ်လုပ်ခွင့်ပါမစ် မရှိသော တရုတ်နိုင်ငံသား ၁၈ ယောက်ကို ဖမ်းဆီးရမိခဲ့သည်။
ဝင်ရောက်ဖမ်းဆီးစဉ် တရုတ်နှင့် မြန်မာအလုပ်သမားများ ခြေဦးတည့်ရာ ထွက်ပြေးခဲ့ကြပြီးနောက် တရုတ် ၁၈ ဦးကို ဖမ်းမိခဲ့ပြီး စစ်ဆေးရာတွင် ပြည့်စုံသည့် အထောက်အထားများ မရှိဘဲ တစ်ဦးမှ အလုပ်လုပ်ခွင့်ပါမစ် မရှိခဲ့သည်ကို တွေ့ရှိရသဖြင့် နိုင်ငံခြားသားအလုပ်သမားများ အလုပ်အကိုင်စီမံခန့်ခွဲမှုဆိုင်ရာ အရေးပေါ်အမိန့် ပုဒ်မ ၈ အရ အရေးယူသွားမည်ဟု ဆိုသည်။
