ယူကရိန်းဒရုန်းများနှင့် အကြမ်းဖက်သမားများ အန္တရာယ်ပေးလာလျှင် ဘေးကင်း စွာနေထိုင်တတ်ရေးအတွက် ရည်ရွယ်ကာ ရုရှားနိုင်ငံတွင် ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်နေ့များ၌ ကျောင်းများတွင် ဟန်ဆောင်အကြမ်းဖက် သမားများ ခြိမ်းခြောက်မှုပုံစံနှင့် လေ့ကျင့်ခဲ့ရာ နေ့ကလေးထိန်းနှင့်မူကြိုကျောင်းများတွင်ပါ ထိုသို့ ပြုလုပ်စေခိုင်းသဖြင့် မိဘများနှင့် နိုင်ငံတကာမှ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
ဒရုန်းအန္တရာယ်များနှင့် အကြမ်းဖက်သမားများရန်စွယ်ကို ရင်ဆိုင်ရလျှင် စာသင်ကျောင်းများ၌ ဆရာဆရာမများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့များက ကျောင်းသားများ မည်သို့နေထိုင်ခြင်းဖြင့် လုံခြုံမှုပိုရှိနိုင်မည်ကို သိရှိရေး လက်တွေ့သရုပ်ပြ ခြိမ်းခြောက်မှုများနှင့် ကာကွယ်ခြင်းအစီအစဉ်များ လုပ်ဆောင်ကြရန် ဩဂုတ်လဆန်းပိုင်းက ရုရှား ပညာရေးဒုဝန်ကြီး အလက်ဇန္ဒားဘူဂေ့ဗ်က ထုတ်ပြန်ခဲ့ပြီး ဩဂုတ် ၁၈နှင့် ၁၉ ရက် များတွင် နိုင်ငံတစ်ဝန်း မူလတန်းကျောင်း ၁၀၀ ကျော်အပါ ကျောင်းများတွင် ထိုလေ့ကျင့်မှုများ ဇာတ်တိုက်လုပ်ဆောင်ခဲ့သည်။
ထိုလေ့ကျင့်မှု၌ ပထမဆုံးအကြိမ်အဖြစ် နေ့ကလေးထိန်းနှင့် မူကြိုကျောင်းများတွင်ပါ ထည့်သွင်းလုပ်ဆောင်ခဲ့ပြီး မျက်နှာဖုံးစွပ် အကြမ်းဖက်သမား ဟန်ဆောင်ထားသူက ကြမ်းပေါ် မှောက်လှဲနေသည့် ကလေးများကို ပစ္စတိုသေနတ်ဖြင့် ချိတ်ရွယ် ခြိမ်းခြောက်နေခဲ့သည်ကိုလည်း မြင်တွေ့ရသဖြင့် မိဘများနှင့် နိုင်ငံတကာအသိုင်း အဝိုင်းများက ဝေဖန်ရှုတ်ချခဲ့ကြသည်။

မော်စကိုရှိ ဆာကိုဗိုရွာစာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းစာသင်ခန်းထဲ ပြတင်းပေါက်မှ အသံဗုံးပစ်သွင်းမှုနှင့် ချိန်ကိုက်ဖောက်ခွဲမှုပါ ထည့်သွင်းလုပ်ဆောင်ခဲ့ရာ ဆရာ၊ ဆရာမ ၄ ဦးဒဏ်ရာရခဲ့ပြီး ၄ ဦး ပွန်းရှဒဏ်ရာများကြောင့် ဆေးရုံပို့ခဲ့ရမှုအတွက်လည်း စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဟု မော်စကိုရှေ့နေများက ပြောသည်။
လေ့ကျင့်မှုများတွင် ဒရုန်းဖြင့် ကျောင်းအဆောက်အအုံတစ်ခုအား ဝင်တိုက်ခြင်း၊ ကျောင်းတံခါးတွင် မီးလောင် စေခြင်းများလည်း ပါဝင်ခဲ့သည်။
ရုရှားသမ္မတ ပူတင်က ထိုအစီအစဉ်များကို မဖြစ်မနေ လုပ်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်ကာ အကြမ်းဖက်ခံရလျှင် စာသင်းခန်းတံခါးကို အတွင်းမှ ပိတ်ပြီး အတားအဆီးများခင်းကျင်းရန်၊ ကျောင်းစင်္ကြံမှ မည်သို့ထွက်ကြရန်၊ ပစ္စည်းများထားရာ အဆောင်များသို့ ပြောင်းရွှေ့ကြရန်၊ ပစ်ခတ်မှုများရှိလျှင် ကြမ်းပေါ် ဝပ်နေကြရန် သင်ကြားခိုင်းခြင်းဖြစ်သည်။
ပူတင်သည် ၂၀၂၅ ခုနှစ်ကတည်းက ကျောင်းသားလူငယ်များ ဒရုန်းမောင်းနှင်နိုင်စွမ်းရည် မြင့်တင်ပေးသွားရန် အမိန့်ပေးခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီလက ယူကရိန်းသို့ စတင်ကျူးကျော်ပြီးနောက်ပိုင်း ပညာရေးဝန်ကြီးဌာနက ဒရုန်းနှင့် ဆက်စပ် စစ်ဘက်အသုံးအဆောင်ပစ္စည်းများအတွက် အနည်းဆုံး ပေါင် သန်း ၁၆၀ သုံးစွဲစေခဲ့ပြီးဖြစ် သည်။
ထိုသို့ကျောင်းသားများအကြား အန္တရာယ်ရှိသော စစ်ရေးပစ္စည်းများ သုံးစွဲစေခြင်းဖြင့် ကျောင်းသားများ နှင့်ဆက်စပ်သည့် အကြမ်းဖက်မှုဖြစ်စဉ်များလည်း အံ့မခန်းတိုးပွားလာခဲ့သည်။
ရုရှားကျောင်းများတွင် ကျောင်းသားများ လက်နက်များဖြင့် အကြမ်းဖက်ခြင်းမျိုး လွန်စွာ ရှားပါးခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကျောင်းသားအကြမ်းဖက်မှုများထဲ ပြီးခဲ့သည့် ၅ နှစ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများမှာ ထက်ဝက်မက ရှိခဲ့သည်။

Ref:Thesun