အိန္ဒိယတွင် ဆရာမ ရိုက်သဖြင့် ၆ နှစ်အရွယ် ကျောင်းသားလေး လဲကျသေဆုံးမှု

အိန္ဒိယနိုင်ငံ၊ အန္ဓရ ပရာဒေးရှ်(Andhra Pradesh ) ပြည်နယ်၊ ဗီဇာခါပတ္တနမ်မြို့(Visakhapatnam )ရှိ စာသင်ကျောင်းတစ်ခု၌ အသက် ၆ နှစ်အရွယ် ကျောင်းသားငယ်တစ်ဦးသည် ဆရာမဖြစ်သူ၏ ရိုက်နှက်မှုကို ခံရပြီးနောက် လဲကျသေဆုံးသွားခဲ့သဖြင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

ဖြစ်စဉ်မှာ အဆိုပါကျောင်း၏ လုံခြုံရေးကင်မရာ (CCTV) ၌ ရိုက်ကူးမိထားသည့် မှတ်တမ်းသည် ဒေသတွင်း မီဒီယာများတွင် ပျံ့နှံ့သွားခဲ့ရာမှ ပေါ်ပေါက်လာခဲ့သည်။

ဗီဒီယိုဖိုင်တွင် ဆရာမတစ်ဦးက ကလေးငယ်၏ အဝတ်အစားကို ဆွဲကိုင်၍ ပါးကို ရိုက်နှက်လိုက်သဖြင့် ကလေးငယ် လဲကျသွားသည်ကို တွေ့ရပြီး အဆိုပါဖြစ်စဉ်ကြောင့် နိုင်ငံအတွင်း ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးဆုံးမမှု နှင့် ပတ်သက်၍ အပြင်းအထန် ဝေဖန်မှုများ ထွက်ပေါ်လာသည်။

“တာဝန်ရှိသူတွေနဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အပေါ် ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်” ဟု အန္ဓရ ပရာဒေးရှ် ပြည်နယ်၏ ပညာရေးနှင့် နည်းပညာဝန်ကြီး နာရာ လိုကေးရှ် က ဖေ့စ်ဘုတ်မှတစ်ဆင့် ပြောကြားခဲ့ပြီး “စည်းကမ်းထိန်းသိမ်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာကလေးမှ အကြမ်းဖက်မှု မခံရပါဘူး။ ကျောင်းတွေမှာ ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးတာမျိုး မရှိသင့်ပါဘူး” ဟု တွစ်တာ တွင် ထပ်မံ ရေးသားခဲ့သည်။

သေဆုံးသွားသူ ကလေးငယ်မှာ ပရာနေး တေးဂျ် ဖြစ်ပြီး စာသင်ကျောင်းသို့ မသွားမီ နံနက်ပိုင်းတွင် ရောဂါဝေဒနာမရှိဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း ကလေး၏ ဖခင်ဖြစ်သူက ပြောကြားထားသည်။

NDTV India သတင်း၏ ဖော်ပြချက်အရ ကလေးငယ် သေဆုံးကြောင်း သိရှိရပြီးနောက် မိသားစုနှင့် ဆွေမျိုးများက ဆေးရုံတွင် စုဝေးကာ တာဝန်ရှိသူများကို ပြင်းပြင်းထန်ထန် အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

ရဲအုပ် ပူဒီ ဗာရာ ပရာဆဒ် က ကလေး၏ ဖခင်ထံမှ စာဖြင့် တိုင်ကြားချက် ရရှိပြီးနောက် BNSS ပုဒ်မ ၁၉၄ ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း အိန္ဒိယသတင်းဌာနတစ်ခုကို ပြောကြားခဲ့သည်။

ကလေးငယ်၏ ရုပ်အလောင်းအား သေမှုသေခင်းစစ်ဆေးခြင်းနှင့် ရင်ခွဲစစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက် မိသားစုထံ လွှဲပြောင်းပေးခဲ့ပြီး သက်ဆိုင်ရာ အစီရင်ခံစာများ ရရှိပါက သေဆုံးရသည့် အကြောင်းအရင်း အမှန်ကို အတည်ပြုနိုင်မည်ဖြစ်သည်။

အိန္ဒိယ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Agrasar ၏ ၂၀၁၈ ခုနှစ် လေ့လာဆန်းစစ်ချက်အရ နိုင်ငံအတွင်းရှိ ဝင်ငွေနည်းမိသားစုမှ ကျောင်းသား ၈၀ ရာခိုင်နှုန်းခန့်သည် တရားဝင် တားမြစ်ထားသော်လည်း ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးဆုံးမမှုကို ကြုံတွေ့နေရဆဲ ဖြစ်သည်။

Telugu Desam Party (TDP) ၏ ပြည်နယ်ဥက္ကဋ္ဌ ပဲလာ သရီးနီးဗာဆာ ရာအို က အစိုးရအနေဖြင့် အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းထားသော ကော်မတီ၏ အစီရင်ခံစာအပေါ် မူတည်၍ ဆက်လက် အရေးယူသွားမည်ဟု ပြောဆိုထားသည်။

Ref: Al Jazeera

Ref: https://www.facebook.com/watch/?v=1422602626439428

Ref: https://www.facebook.com/ElevenMediaGroup/posts/