မောင်းပြေးသည့် ကားကို ဖမ်းဆီးစစ်ဆေးရာမှ တန်ဖိုး ကျပ်သိန်းတစ်သောင်းကျော် မူးယစ်ဆေးဝါးများကို ဖမ်းမိ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မောင်းနှင်ထွက်ပြေးသည့် ကားတစ်စီးကို ပိတ်ဆို့ဖမ်းဆီးရာ တန်ဖိုး ကျန်သိန်း တစ်သောင်းကျော်ရှိ မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ည ၉ နာရီခန့်တွင် စစ်ကောင်စီရဲတပ်ဖွဲ့သည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ပိတ်ဆို့စစ်ဆေးရေးပြုလုပ်စဉ် တိုယိုတာ ခရောင်းကားအမျိုးအစားတစ်စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိပဲ မောင်းနှင်ထွက်ပြေးခဲ့သည်။

ထိုထွက်ပြေးသည့် ကားကို ပိတ်ဆို့ဖမ်းဆီးရာ ဆန်ဆိုင်း ၅ လမ်းနှင့် လမ်းသွယ်၃လမ်းဆုံ အရောက်၌ ယာဉ်မောင်း နန်းဝေ နှင့် ဘေးတွင်လိုက်ပါစီးနင်းသူ ငြိမ်းချမ်းဖြိုး တို့ကို ကားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြသည်။

ထိုသို့ ဖမ်းဆီးမိပြီးနောက် ကားကို စစ်ဆေးရာတွင် အလေးချန် ၄၀ ကီလိုခန့်ရှိသည့် ကတ်တမင်း မူးယစ်ဆေးဝါး ဆာလာအိတ် ၂ အိတ်၊ အလေးချိန် ၉၇ ကီလိုခန့်ရှိသည့် အိုက်စ်မူးယစ်ဆေးဝါး ဆာလာအိတ် ၅ အိတ် စုစုပေါင်းတန်ဖိုး သိန်းပေါင်း ၁၁၈၄၅ သိန်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် နန်းဝေ နှင့် ငြိမ်းချမ်းဖြိုး တို့ကို မူးယစ်ဆေးဝါးပုဒ်မများဖြင့် တာချီလိတ်ရဲစခန်း၌ ဖွင့်လှစ်ကာ အရေးယူထားသည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/