နီပေါ-တိဘက် နယ်စပ် ရေကြီးရေလျှံမှု လူရာပေါင်းများစွာ ပျောက်ဆုံးနေပြီး ရုပ်အလောင်း ၁၅၇ လောင်း ရှာဖွေတွေ့ရှိ

နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ၏ တိဘက်နယ်စပ်ရှိ ဟိမဝန္တာတောင်တန်းတွင် ဗုဒ္ဓဟူးနေ့က ရွှံ့နွံများနှင့် ကျောက်တုံးများ မြစ်အတွင်းသို့ ပြိုကျခဲ့သဖြင့် နီပေါဘက်ခြမ်းတွင် အပြင်းအထန် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံးပြီး ခရီးသွား ရာပေါင်းများစွာ ပျောက်ဆုံးလျက်ရှိသည်။

ဖြစ်စဉ်မှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အတည်ပြုထားသည့် ဗီဒီယိုမှတ်တမ်းများတွင် နယ်စပ်ဒေသ၌ လူအများအပြား ရေစီးနှင့်အတူ မျောပါသွားသည်ကို တွေ့ရသဖြင့် နှစ်ဖက်စလုံးမှ အာဏာပိုင်များက သေပျောက်ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားနိုင်ကြောင်း စိုးရိမ်နေကြသည်။

နီပေါနိုင်ငံတွင် နေအိမ်များ၊ လမ်းများနှင့် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများ ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး တိဘက်အာဏာပိုင်များကလည်း ဂျီရောင် (Gyirong) ခရိုင်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်တွင် မြေပြိုမှုဖြစ်ပွားပြီးနောက် “အပျက်အစီးနှင့် ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း” ပြောဆိုထားသည်။

ငလျင်ကြောင့် တောင်ပြိုမှု ဖြစ်ပွားနိုင်ခြေ

နီပေါ အာဏာပိုင်များ၏ ပထမဆုံး ထုတ်ပြန်ချက်အရ ထိုဒေသတွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ရေခဲမြစ်၏ အောက်ခြေအပိုင်း ပြိုကျကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ USGS က အဆိုပါအချိန်တွင် စက်များ၌ ပေါ်ထွက်ခဲ့သည့် တုန်ခါမှုက ကျောက်ဆောင်များနှင့် ရေခဲများ ပြိုကျစေခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

ညမှောင်လာသည်နှင့်အမျှ အာဏာပိုင်များသည် ရုပ်အလောင်းများကို ရှာဖွေခြင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခြင်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။

နီပေါရဲတပ်ဖွဲ့၏ ဗုဒ္ဓဟူးနေ့ညပိုင်း ထုတ်ပြန်ချက်အရ ယခုအချိန်အထိ ရုပ်အလောင်း ၁၅၇ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။

နီပေါ ခရီးသွားလာရေး ဝန်ကြီးဌာန အရာရှိများက ခရီးသွား ၄၀၀ ထက်မနည်း ပျောက်ဆုံးနေပြီး ယင်းအနက် ၃၄၀ ခန့်မှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

နီပေါ ခရီးသွားလာရေးဘုတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူနီးလ် ရှာမား က AP သတင်းဌာနသို့ ပြောကြားရာတွင် ပျောက်ဆုံးနေသူ ခရီးသွားများအနက် ၁၃၃ ဦးမှာ အိန္ဒိယနိုင်ငံမှ ဘုရားဖူးများ ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ပျောက်ဆုံးနေသူများတွင် အမေရိကန်မှ ၄၇ ဦး၊ ဩစတြေးလျမှ ၃၄ ဦး၊ ဗြိတိန်မှ ၃၃ ဦးနှင့် ကနေဒါမှ ၂၄ ဦး ပါဝင်ကြောင်း ၎င်းက ပြောပြခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နီပေါနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများနှင့် ကယ်ဆယ်ရေး ဝန်ထမ်းများကို စေလွှတ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ကနေဒါ ဝန်ကြီးချုပ် မာ့ခ် ကာနီ ကလည်း X တွင် ၎င်းတို့အနေဖြင့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ယခုဖြစ်စဉ်မှာ “အလွန်တရာ အန္တရာယ်ကြီးမားသည့် ပျက်စီးမှု” ဖြစ်ကြောင်း ရေးသားခဲ့သည်။

အဆိုပါ ဒေသသည် တိဘက်ရှိ ကိုင်လာရှ် မာနဆာရိုဗာ (Kailash Manasarovar) သို့ သွားရောက်သည့် လူသိများသော လမ်းကြောင်းပေါ်တွင် တည်ရှိပြီး ယခုကဲ့သို့ ရာသီချိန်တွင် အိန္ဒိယနှင့် အခြားနိုင်ငံများမှ ဟိန္ဒူဘုရားဖူးများ လာရောက်လေ့ရှိသည်။

တရုတ်သတင်းဌာနက ဂျီရောင်ခရိုင်တွင် လူ ၃ ဦး သေဆုံးပြီး ၂၆၅ ဦး ပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။ ၎င်းတို့က သေဆုံးသူစာရင်းကို စိစစ်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေးများကို ဆက်လက် ဆောင်ရွက်နေကြောင်း ဆိုသည်။ တောင်ကိုရီးယားကလည်း ရေအားလျှပ်စစ် စက်ရုံတွင် အလုပ်လုပ်နေသည့် ၎င်းတို့၏ နိုင်ငံသား ၈ ဦး ပျောက်ဆုံးနေကြောင်း သီးခြား ထုတ်ပြန်ခဲ့သည်။

ကင်မရာ မှတ်တမ်းများတွင် လူများ ထွက်ပြေးနေကြ

နီပေါ-တိဘက် နယ်စပ် တရုတ်ဘက်ခြမ်းမှ လုံခြုံရေး ကင်မရာ မှတ်တမ်းများတွင် ကျောက်ဆောင်၊ ရွှံ့နွံများနှင့် ရေလှိုင်းကြီးများ မလာရောက်မီ အဆောက်အအုံများ၊ မော်တော်ယာဉ်များနှင့် လူများစွာ၏ အသက်အန္တရာယ်ကို မဖျက်ဆီးမီ လူအများအပြား ထွက်ပြေးနေကြသည်ကို တွေ့ရသည်။

နီပေါနိုင်ငံ နူဝါကော့တ် (Nuwakot) နှင့် ဓာတ်ဒင်း (Dhading) ဒေသများမှ ဒေသခံများသည် ပျောက်ဆုံးနေသည့် မိသားစုဝင်များ၏ သတင်းအချက်အလက်ကို သိရှိနိုင်ရန် ဟယ်လီကော်ပတာ အခြေစိုက်သည့် နီပေါ တပ်မတော် လေ့ကျင့်ရေး စခန်းပြင်ပတွင် စုဝေးနေကြသည်။

ဓာတ်အားပေးစနစ်များ ပျက်စီးသွား၍ လျှပ်စစ်မီးများ ပြတ်တောက်နေသဖြင့် ရဲတပ်ဖွဲ့က ဖုန်းမီးတိုင်များကို အသုံးပြုကာ ပျောက်ဆုံးနေသူများ၏ စာရင်းကို မှတ်တမ်းတင်နေကြသည်။

ဘေးဒဏ်သင့် ဒေသများတွင် နေအိမ်များ၊ သစ်ပင်များနှင့် မော်တော်ယာဉ်များ ရွှံ့နွံများအောက် ရောက်ရှိသွားခဲ့သည်။ တနေ့လုံး ဟယ်လီကော်ပတာများ ပျံသန်းကာ လွတ်မြောက်လာသူများကို ကယ်ထုတ်ပေးခဲ့သည်။

National Disaster Risk Reduction and Management Authority ၏ ထုတ်ပြန်ချက်အရ Planet Labs ဂြိုဟ်တု ဓာတ်ပုံများ၏ ပထမအဆင့် လေ့လာမှုများအရ လှိန့်ဒေ (Lhende) မြစ်အတွင်း ရေခဲနှင့် ကျောက်ဆောင်များ ပြိုကျမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေထု မြင့်တက်နေသဖြင့် ဂျာနူအာ (Rasuwa) တောင်ပေါ်ခရိုင်ရှိ ဆယာပရု ဘေစီ (Syapru Besi) နှင့် တီမူရေး (Timure) ဒေသများသို့ ကယ်ဆယ်ရေး ဟယ်လီကော်ပတာများ ဆင်းသက်နိုင်ခြင်း မရှိသေးပေ။ တီဗီ သတင်းများတွင် နေအိမ်များ ပြိုကျနေမှု၊ ကားများ မျောပါနေမှုနှင့် သံတံတားများ ပါသွားသည်ကို တွေ့ရပြီး ရွာလုံးကျွတ် ရေလွှမ်းမိုးခံလိုက်ရကြောင်း မျက်မြင်တွေ့ရှိသူများက ရိုက်တာသို့ ပြောကြားခဲ့သည်။

ဂျီရောင် နယ်စပ်ဂိတ် ထိခိုက်မှု

တရုတ် သတင်းဌာန ဆင်ဟွာက ရွှံ့နွံပြိုမှုကြောင့် ဂျီရောင် ဆိပ်ကမ်းကို ထိခိုက်ခဲ့ပြီး ရှီဂါဆေ (Shigatse) ဒေသအတွင်း လမ်းများနှင့် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်သွားကြောင်း ဖော်ပြသည်။

တရုတ် ဗဟိုရုပ်မြင်သံကြား (CCTV) ၏ ကယ်ဆယ်ရေးသမားတဦးနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဂျီရောင် နယ်စပ်ဂိတ်သို့ ဆက်သွယ်ရန် ကြိုးစားနေသော်လည်း “ယခုအချိန်ထိ အကြောင်းမပြန်သေးကြောင်း” ပြောကြားခဲ့သည်။ ဒရုန်းဖြင့် ပထမအဆင့် စစ်ဆေးမှုများအရ နယ်စပ်ဂိတ်သို့ သွားသည့် လမ်းများအားလုံး “လုံးဝ ပျက်စီးသွားပြီ” ဟု ဆိုသည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၀၀၀ နီးပါးမှ ရွှံ့ရေများ စီးဆင်းလာသဖြင့် နီပေါနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဥတ္တာပရာဒေးရှ် (Uttar Pradesh) နှင့် ဘီဟာ (Bihar) ပြည်နယ်များတွင် ရေကြီးသတိပေးချက်များ ထုတ်ပြန်ထားသည်။ ဘီဟာ အာဏာပိုင်များက ခရိုင် ၆ ခုမှ လူပေါင်း ၅,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးထားပြီး စုစုပေါင်း လူ ၁၀,၀၀၀ မှ ၁၂,၀၀၀ အထိ ရွှေ့ပြောင်းရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

Ref: https://www.facebook.com/theirrawaddyburmese/posts/