နိုင်ငံတကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ အဓိကဗဟိုချက်ဖြစ်ရာ ကမ္ဘောဒီးယားနိုင်ငံတွင် မှတ်ကျောက်တင်ဖွယ် အောင်မြင်မှုတစ်ခုအဖြစ် ထိုစခန်းများအားလုံးကို အပြီးတိုင် အမြစ်ဖြတ်ရှင်းလင်းနိုင်ခဲ့ပြီဟု ကမ္ဘောဒီးယားအစိုးရက ကြေညာလိုက်သည်။

အွန်လိုင်းငွေလိမ်မှုများ နှိမ်နင်းရေးတာဝန်ခံဝန်ကြီး ဆိုင်နာရစ်က “အကြီးစား ငွေလိမ်လုပ်ငန်းတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာ အဲဒီစခန်းတွေတစ်ခုမှ မရှိတော့ပါဘူး” ဟု ဩဂုတ် ၂၇ ရက်က နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

သို့သော်လည်း ဒုစရိုက်ဂိုဏ်းများက စခန်းအလိုက် မဟုတ်တော့ဘဲ တည်းခိုခန်းများ၊ ကွန်ဒိုများ၊ ငှားရမ်းထားသည့် အိမ်များ၊ မော်တော်ယာဉ်များနှင့် ကော်ဖီဆိုင်များတွင် ပုန်းလျှိုကာ အသေးစားအုပ်စုများအဖြစ် လှုပ်ရှားလာကြကြောင်း၊ ယင်းလှုပ်ရှားမှုများကိုလည်း ဆက်လက်ဖော်ထုတ် နှိမ်နင်းလျက်ရှိကြောင်း အဆိုပါဝန်ကြီး၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အမ်နက်စတီ၏ ဒေသဆိုင်ရာ ပူးတွဲညွှန်ကြားရေးမှူး မွန်ဆီဖာရဲက အွန်လိုင်းငွေလိမ်လုပ်ငန်းသည် တိုင်းပြည်အတွင်း အမြစ်တွယ်နေပြီဖြစ်ရာ ထိုစခန်းများကို အပြီးတိုင် ရှင်းလင်းလိုက်ပြီဆိုသည့် ကမ္ဘောဒီးယား၏ပြောဆိုချက်အပေါ် အလွန်အမင်း သံသယရှိသည်ဟု ဆိုသည်။ ဆက်ပြီး၎င်းက “ရေရှည်အောင်မြင်မှု ဟုတ်မဟုတ် အမှန်တကယ်သိရဖို့က စခန်းဘယ်လောက်ကို ပိတ်ပစ်နိုင်ခဲ့လဲဆိုတာ မဟုတ်ဘဲ အဲဒီအတွက် တာဝန်ရှိတဲ့ ဒုစရိုက်သမားတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူပြီးပြီလား၊ အဲဒီလုပ်ငန်းတွေ ပြန်မစနိုင်အောင် တားဆီးနိုင်ခဲ့ရဲ့လား ဆိုတဲ့ပေါ်မှာပဲ မူတည်တယ်” ဟုပြောသည်။
၂၀၂၅ ခုနှစ် ၊ ဇူလိုင်မှစ၍ ကမ္ဘောဒီးယား အာဏာပိုင်များက မသင်္ကာဖွယ်နေရာ ၇၉၃ ခုကို စုံစမ်းစစ်ဆေးခဲ့ပြီး ၆၂၄ နေရာကို ဝင်ရောက်စီးနင်းခဲ့ကာ နိုင်ငံပေါင်း ၃၉ နိုင်ငံမှ သံသယရှိသူ ၃၀,၀၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

Ref: Reuters