ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးဌာနအနီး မူးယစ်နှိမ်နင်းရေးနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်းစစ်ဆေးမှုအရ စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ချင်းမိုင်လိုင်စင်နံပါတ်ပြားနှင့် တံခါး ၅ ပေါက်ပါ ငွေရောင် MPV ကားအား တားဆီးရှာဖွေရာ စိတ်ကြွဆေး ၂၈ သိန်းကို အထုပ် ၁၄ ထုပ်ဖြင့် သယ်ဆောင်လာသည်အား တွေ့ရှိရသဖြင့် ၃၁ နှစ်အရွယ် နခွန်ရတ်ချာစီမာ ခရိုင်နေ ယာဉ်မောင်း အမျိုးသားကို ဖမ်းဆီးခဲ့သည်။
ယင်းကားအား လမ်းကြောင်းကြိုကြည့်ကာ ရှေ့မှ မောင်းနှင်ခဲ့သည့် ကားတစ်စီးရှိကြောင်းလည်း သိရှိရသဖြင့် ထိုကားအား ရတ်ချာစီမာခရိုင် ဆာကေးဆန်အရပ်၌ သွားဖမ်းခဲ့ပြီး ၃၈ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားကိုပါ ဖမ်းဆီးခဲ့သည်။
ကနဦးစုံစမ်းစစ်ဆေးမှုအရ စိတ်ကြွဆေးများကို မယ်ဆိုင်နယ်စပ်ဒေသမှ သယ်ဆောင်လာပြီး စစ်ဆေးရေးဂိတ်များမှ လွတ်မြောက်စေရန် လမ်းသွယ်များမှ အဓိက မောင်းနှင်လာကြောင်း၊ မယ်ဆိုင်မှ ချင်းဆန် ထိုမှတစ်ဆင့် မယ့်ချန်းခရိုင်မှ ချင်းရိုင်အထိ သယ်ဆောင်ရန် မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။
အမှုကို ဆက်လက်စုံစမ်းရန် သိမ်းဆည်းရမိသည့် မူးယစ်ဆေးများနှင့်တရားခံများအား ချင်းဆန်ရဲစခန်းသို့ လွှဲအပ်ခဲ့သည်။

Ref:Maesaipress