အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS Abraham Lincoln က ၎င်းတို့၏ သင်္ဘောသားများကို ၉ လ အတွင်း ပထမဆုံးအကြိမ် ကမ်းကပ်ကာ ကမ်းပေါ်ဆင်းသက် အပန်းဖြေခွင့် ပေးဆင်းခဲ့သော်လည်း သင်္ဘောသား ၂ ဦးအတွက်မူ နာရီပိုင်းသာ ခံခဲ့သည်။
ယမန်နေ့ည ၁ နာရီခွဲခန့်တွင် ဒေသခံတစ်ဦးက အရေးပေါ်ဌာနကို ဖုန်းဆက်၍ ပတ္တယားမြို့ Walking Street လမ်းအနီး အရက်ဘားတစ်ခုသို့ လာရောက်ရန် ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
ဘားပြင်ပတွင် အမေရိကန်တပ်သား ၂ ဦး ရန်ဖြစ်နေခဲ့ကြသည်။
ယင်းဖြစ်ရပ်မှာ အသေးအမွှားသာ ဖြစ်ကြောင်း ပတ္တယားရဲမှူုး ရဲဗိုလ်မှူးကြီး အနက် ရှရာထောင်ယူက ပြောကြားသည်။
တပ်သား ၂ ဦးစလုံးမှာ မူးနေကြပြီးရန်ပွဲ ကြီးကျယ်လာမည်ကို စိုးရိမ်၍ ဒေသခံက ရဲကို ဖုန်းဆက်ခေါ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ ၂ ဦးအား အရာရှိများက Hard Rock Cafe တွင် အခြေစိုက်ထားသော အမေရိကန်-ထိုင်း ပူးတွဲစစ်ဆင်ရေးစင်တာသို့ ခေါ်ဆောင်သွားခဲ့ကြကာ နောက်ပိုင်းတွင် လေယာဉ်တင်သင်္ဘောဆီ ပြန်၍ လွှဲပြောင်းပေးခဲ့ကြသည်။
၎င်းတို့ ၂ ဦးစလုံး ထပ်မံ၍ ကမ်းပေါ်ဆင်းခွင့် ရတော့မည်မဟုတ်ပေ။
၎င်းတို့သည် ကမ်းကပ်ထားသည့် ငါးရက်တာကာလ ကျန်အချိန်များကို သင်္ဘောပေါ်မှာပင် နေထိုင်ကြရမည်ဟု ကန့်သတ်ခံခဲ့ရပြီး ၎င်းတို့၏ အမည်များကို ထုတ်ပြန်ခြင်း မရှိပေ။
အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS Abraham Lincoln သည် သင်္ဘောသား နှင့် မရိန်းတပ်ဖွဲ့ဝင် ၅ ထောင် ခန့်နှင့်အတူ ဗုဒ္ဒဟူးနေ့က ပတ္တယားမြို့၊ လမ်ချာဘန်း ဆိပ်ကမ်းတွင် ကျောက်ချရပ်နားခဲ့ကာ ယင်းမှာ စစ်ရေးတာဝန်များဖြင့် စတင် စေလွှတ်လိုက်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် လွတ်လပ်စွာ ကမ်းကပ်ရပ်နားခြင်းဖြစ်သည်။
သင်္ဘောကြီး၏ ပင်လယ်ပြင် စစ်ရေးတာဝန်များသည် ၉ လ တာကြာမြင့်ခဲ့ပြီး ထိုအချိန်ကာလ အများစုကိုလည်း အီရန်စစ်ပွဲအတွင်း စစ်ဆင်ရေးများတွင် ပါဝင်နေခဲ့ရခြင်းဖြစ်သည်။
ခိုက်ရန်ဖြစ်ပွားမှုအကြောင်းကို MS NOW သတင်းဌာနက ဦးစွာ ဖော်ပြခဲ့ပြီး ၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ ဝါရှင်တန်၊ ဂျပန် နှင့် ထိုင်းနိုင်ငံမှ ရေတပ်အရာရှိများက မှတ်ချက်ပေးရန် တောင်းဆိုမှုများကို မတုံ့ပြန်ခဲ့ကြဟု ဆိုသည်။
အမေရိကန်လေယာဉ်တင်သင်္ဘောသည် တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့သို့ ထွက်ခွာမည်ဖြစ်သည်။
Ref:Thaiger