တစ်လအတွင်း မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်သူ ၁၁ ဦးကို TNLA ဖမ်းဆီး

တစ်လအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်အမှုဖြင့် လူ ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်ဟု တအာင်းတပ်ဖွဲ့-TNLA က သတင်းထုတ်ပြန်သည်။

ဩဂုတ်လအတွင်း TNLA အနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူ ၄ ဦး၊ ရောင်းဝယ်သူ ၄ ဦးနှင့် မူးယစ်စ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို TNLA ထိန်းချုပ်ထားသည့် မိုင်းဝီး၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နယ်တို့တွင် သြဂုတ်လတစ်လအတွင်း တအာင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းဖမ်းဆီးရမိမှုများအနက် မိုင်းဝီးမြို့နယ်မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၅) ဦး၊ အမျိုးသမီး တစ်ဦးပါဝင်ပြီး နမ္မတူမြို့နယ်မှ အမျိုးသား ၂ ဦး၊ နမ့်ခမ်းမြို့နယ်မှ အမျိုးသားတစ်ဦး၊ မိုင်းငေါ့မြို့နယ်မှ အမျိုးသား ၂ ဦး ပါဝင်သည်။

ဖမ်းဆီးမှုအတွင်း ယာမစိတ်ကြွဆေးပြား ၃၇၀ ပြား၊ ဘိန်းမည်းထည့်ထားသည့် အဖြူရောင်ကော်ဗူး ၁ ဗူး၊ ဘိန်းဆီခဲထည့်ထားသည့် အဖြူရောင်ကော်ဗူး ၁ ဗူး၊ ဘိန်းအရည်ဟု ယူဆရသော အဖြူရောင်ကော်ဗူး ၂ ဗူး၊ တရားမဝင်လက်နက်ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး သုံးစွဲသူများကိုမူ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များကို တက်ရောက်စေမည်ဟု TNLA ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/