သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၊ သမ္မတကတော်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ကို အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြင့် ဖိလစ်ပိုင် ဒေသဆိုင်ရာ တရားရုံးတခုက သောကြာနေ့တွင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးအား ဖမ်းဝရမ်း ထုတ်ပြန်လိုက်သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတခုတွင် ဆာရာ ဒူတာတေးက မိမိတစုံတခု ဖြစ်သွားပါက သမ္မတ၊ သမ္မတကတော်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အား လုပ်ကြံရန် ကြေးစားလူသတ်သမား ငှားရမ်းထားကြောင်း ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ ခြိမ်းခြောက်မှု ၃ မှုဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်။ ဆာရာကမူ ထိုပြောကြားချက်မှာ စကားအဖြစ် သက်သက်မျှ ပြောဆိုခြင်းသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။
မားကို့စ်နှင့် ဒူတာတေး မိသားစုနှစ်ခုသည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် မဟာမိတ်အဖြစ် ပူးပေါင်းအနိုင်ရခဲ့သော်လည်း တရုတ်-အမေရိကန် ဆက်ဆံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲဆိုင်ရာ ပြိုင်ဆိုင်မှုများကြောင့် မဟာမိတ်အဖွဲ့ မကြာမီ ပျက်စီးသွားခဲ့သည်။
ဆာရာ ဒူတာတေးသည် အဆိုပါ အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့် ဘဏ္ဍာရေး မရိုးမဖြောင့်မှုများကြောင့် ပြီးခဲ့သည့် မေလက လွှတ်တော်၏ စွပ်စွဲပြစ်တင်ခြင်း (Impeachment) ကို ခံခဲ့ရပြီး အပြစ်ရှိကြောင်း တွေ့ရှိပါက ရာထူးတာဝန်များ ရယူခွင့် အပြီးတိုင် ပိတ်ပင်ခံရနိုင်သည်။
သူမ၏ ရှေ့နေဖြစ်သူက ဝရမ်းအား ရှောင်လွှဲမည်မဟုတ်ဘဲ တမှုလျှင် ဒေါ်လာ ၁,၉၀၀ နှုန်းဖြင့် အာမခံလျှောက်ထားကာ တရားဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဟု ပြောကြားခဲ့သည်။