ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ခဲ့သည့် အသက် ၃၀ အရွယ် မြန်မာအမျိုးသမီး၏ လုပ်ခလစာများကို အလုပ်ရှင်ကုမ္ပဏီက သဘောတူညီချက်မရှိဘဲ မတရားဖြတ်တောက်ခဲ့သည်ဆိုသည့် တရားစွဲဆိုမှုတွင် တိုကျိုခရိုင်တရားရုံးက မြန်မာအမျိုးသမီးဘက်မှ အနိုင်ပေးပြီး ဆိုင်လုပ်ငန်းလည်ပတ်သည့် ကုမ္ပဏီအနေဖြင့် ဂျပန်ယန်း ၁ သန်းခန့် အမေရိကန်ဒေါ်လာ ၆,၅၀၀ ခန့် ပေးလျော်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ဂျပန်မှလာသော သတင်းများအရ သိရှိရသည်။
တိုကျိုခရိုင်တရားရုံးက အဆိုပါအမှုကို စက်တင်ဘာ ၁၁ ရက်တွင် စီရင်ချက်ချခဲ့ခြင်းဖြစ်ပြီး တရား စွဲဆိုမှုဆိုင်ရာ စာရွက်စာတမ်းများအရ အသက် ၃၀ အရွယ် မြန်မာအမျိုးသမီးသည် ဂျပန်နိုင်ငံက အတည် ပြုထားသည့် ကျွမ်းကျင်မှုရှိသည့် နိုင်ငံခြားသားများကို လက်ခံသည့် Specified Skilled Worker စနစ်ဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် Mitsuyado Seimen ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် အလုပ်စတင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အလုပ်ချိန် နာရီ ၁၅၀ ကျော် လုပ်ကိုင်ခဲ့သော်လည်း ကုမ္ပဏီက ပေးရမည့်လုပ်ခထဲမှ ကုမ္ပဏီပိုင်အိမ်ရာခ အပါအဝင် အမျိုးမျိုးသော ကုန် ကျစရိတ်များကို သူမ၏ ကြိုတင်သဘောတူညီချက်မရှိဘဲ ဖြတ်တောက်ခဲ့ကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။ ထိုသို့ ဖြတ်တောက်ခံရပြီးနောက် သူမ၏ ပထမဆုံး လုပ်ခလစာမှာ ယန်း ၀ အထိ ဖြစ်သွားခဲ့ကြောင်း သိရသည်။
ယင်းနောက် မြန်မာအမျိုးသမီးက မရရှိသေးသည့် လုပ်ခလစာများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးရရှိရန် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ စီရင်ချက်ချရာတွင် တိုကျိုခရိုင်တရားရုံး တရားသူကြီး ဟိုဆိုကာဝါ ဟိဒဲဟိတိုက အဆိုပါအမျိုးသမီးသည် အလုပ်စတင်လုပ်ကိုင်သည့် ပထမ ၃ လအတွင်း လုပ်ခလစာအဖြစ် ယန်း ၄၀,၀၀၀ အောက်သာ ရရှိခဲ့ကြောင်း ပြောသည်။
ထို့အပြင် သူမ အလုပ်လုပ်ကိုင်နေသည့် ကာလတစ်လျှောက် ရရှိရမည့်လုပ်ခ၏ ၇၀ ရာခိုင်နှုန်းကျော်ကို ဖြတ်တောက်ခံခဲ့ရကြောင်း တရားသူကြီးက ဆိုသည်။
ထိုသို့ လုပ်ခလစာများကို အလွန်အကျွံ ဖြတ်တောက်ခဲ့ခြင်းကြောင့် အဆိုပါအမျိုးသမီးသည် အစား အသောက်နှင့် အခြေခံအသုံးအဆောင် ဝန်ဆောင်ခများပင် ပေးဆောင်ရန် မတတ်နိုင်သည့် အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း တရားသူကြီးက သုံးသပ်သည်။
ထို့ကြောင့် ကုမ္ပဏီဘက်က ပြုလုပ်ခဲ့သည့် လုပ်ခလစာဖြတ်တောက်မှုများမှာ တရားမဝင်ကြောင်း စီရင်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အဆိုပါကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးကလည်း ကုမ္ပဏီပိုင်အိမ်ရာတွင် ဆက်လက်နေထိုင်ရန်အတွက် ကုန်ကျစရိတ်အမျိုးမျိုး ပေးဆောင်ရန် သဘောမတူပါက အိမ်ရာမှ ချက်ချင်းထွက်ခွာရန် မြန်မာအမျိုးသမီးထံ စာပို့အကြောင်းကြားခဲ့ခြင်းသည် တရားမဝင်လုပ်ရပ်ဖြစ်ကြောင်း တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။
တိုကျိုခရိုင်တရားရုံး၏ ယခုစီရင်ချက်သည် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများ၏ လုပ်ခလစာနှင့် အလုပ်အကိုင်ဆိုင်ရာ အခွင့်အရေးများအပေါ် အလုပ်ရှင်များက မတရားဖြတ်တောက်မှုများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ထင်ရှားသည့် အမှုတစ်ခုအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။