ပထုန်ဌာနီပြည်နယ်၊ ခလောင်လွမ်ခရိုင်တွင် သေနတ်ဖြင့် ဘဏ်ကို ဓားပြတိုက်၍ အထောက်အထားဖျက်ဆီးပစ်ရန် ၎င်းအသုံးပြုခဲ့သော ကားကို မီးရှို့ခဲ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဆိုင်ဖာ (၅၄) နှစ်ဟုသာ ဖော်ပြထားသော သံသယရှိသူကို ခလောင်လွမ်ရဲစခန်းသို့ သောကြာနေ့ ညနေ ၇ နာရီတွင် မေးမြန်းစစ်ဆေးရန် ခေါ်ဆောင်သွားခဲ့ပြီး ၎င်းမောင်းနှင်လာသော Toyota Yaris Ativ ကားကို လည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။
ရဲစခန်းသို့ ရောက်ရှိလာချိန်၌ ဆိုင်ဖာ၏ မျက်နှာနှင့်လက်မောင်းတွင် မီးလောင်ဒဏ်ရာများကို တွေ့ရပြီး ဓားပြတိုက်ရာ၌ အသုံးပြုခဲ့သော ကားကို ဓာတ်ဆီလောင်း၍ မီးရှို့ချိန်တွင် ၎င်းဒဏ်ရာများ ရခဲ့သည်ဟု ဆိုသည်။
ကြာသပတေးနေ့ ညနေ ၄ နာရီတွင် ခလောင်လွမ်ခရိုင်ရှိ TMBThanachart Bank ၏ တာလက်ဘဏ်ခွဲ၌ ဓားပြမှုဖြစ်ပေါ်ခဲ့ပြီး ဓားပြက ဘတ် တစ်သန်းခွဲကို ယူဆောင်သွားခဲ့သည်။
သံသယရှိသူကို ဘန်ကောက်မြို့ ရမ်အင်ထရာဒေသမှ အပန်းဖြေစခန်းတစ်ခု၌ ဖမ်းဆီးရမိခဲ့ကြောင်း ပထုန်ဌာနီပြည်နယ်ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ နှင့် ခလောင်လွမ်ရဲစခန်း ယာယီစခန်းမှူး ရဲမှူးကြီး ဝစ်ဆာနူရက် ပရွမ်မက်က ပြောသည်။
ထွက်ပြေးခဲ့သော ကားကို မီးရှို့ပြီးနောက်တွင် သံသယရှိသူက အနီးအနားတွင် ၎င်းကြိုတင်ရပ်နားထားသော ကားတစ်စီးပေါ်တက်၍ ထွက်ခွာသွားခဲ့သည်။
ဓားပြမတိုက်မီတွင် ၎င်းက ထိုနေရာကို ကြိုတင်လေ့လာထားခဲ့သည်ဟု စမ်းစစ်ဆေးသူများက ပြောသည်။
သံသယရှိသူသည် ယခင်ကလည်း ခလောင်လွမ်ခရိုင်မှ ခိုးမှုတစ်မှု၊ ဖရာအင်ရာချာရဲစခန်းအပိုင်နယ်မြေတွင် ငွေလွှဲပြောင်းချိန် ဓားပြမှုတစ်မှုတို့တွင် ပါဝင်ပတ်သက်ခဲ့ဖူးကြောင်း ရဲမှူးကြီး ဝစ်ဆာနူရက်က ပြောသည်။
၎င်းအသုံးပြုခဲ့သော ငှားရမ်းထားသည့် ကား နှင့် ဓားပြတိုက်ချိန်၌ ၎င်းအသုံးပြုခဲ့သော အဝတ်အစားများကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။ ဓားပြမှုတွင် ၎င်းအသုံးခဲ့သော သေနတ်မှာ အတုဖြစ်ပြီး လမ်းဘေးတွင် ပစ်ချထားခဲ့သည်ဟု သံသယရှိသူက ဆိုသည်။
ရဲတပ်ဖွဲ့က ဂျီပီအက်စ်အချက်အလက်များကို ကြည့်၍ သေနတ်ကို ရှာဖွေမည်ဖြစ်သည်။
ကနဦးစုံးစမ်းစစ်ဆေးမှုများအရ သံသယရှိသူက အကြွေးထူပြောနေပြီး ပြင်ပငွေချေးသူများထံမှလည်း ငွေချေးခဲ့သလို သမီးဖြစ်သူထံမှလည်း ငွေချေးထားကြောင်း သိရသည်။
၎င်းက ပြစ်မှုကို တစ်ယောက်တည်း ကျူးလွန်သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားသည်။
ရဲတပ်ဖွဲ့က ၎င်းအား လက်နက်အသုံးပြု၍ ဓားပြတိုက်မှု၊ ခိုးယူရန် နှင့် ထွက်ပြေးရန် မော်တော်ယာဉ် အသုံးပြုမှုများဖြင့် ကနဦး စွဲချက်တင်ထားကြောင်း သိရသည်။
Ref:Bangkokpost