ကျောက်မဲမြို့ ရွှေဆိုင်ဓားပြတိုက်မှု အဓိကတရားခံ လွတ်မြောက်နေဆဲ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ဈေးအတွင်းရှိ ရွှေမိုးရွှေဆိုင်ကို ယမန်နေ့ (စက်တင်ဘာ ၁၂) က ဓားပြတိုက်သွားသူများနက် အဓိကတရားခံလွတ်မြောက်နေဆဲဖြစ်သည်ဟု ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

“လိုင်းပေါ်မှာ သံသယခံမိသွားပြီ မိသွားပြီဆိုပြီး ပြောကြတဲ့ဟာပေါ့နော်။ အဲဒါ တရားခံ လုံးဝ မမိသေးပါဘူးရှင့်။ ​အဲဒါ အခု သံသယလူအဖြစ် ဖမ်းထားတဲ့ဟာလည်း အဲ သံသယလူပဲ ရှိသေးတယ်ပေါ့နော်။ တကယ် တရားခံက ကျန်သေးတယ်ပေါ့နော်။ အဲဒါ လုံးဝ မမိသေးပါဘူးရှင့်။ တော်ကြာနေ လွတ်သွားမှာစိုးလို့ပေါ့နော်။ ​အကယ်၍ အဲ.. တွေ့တဲ့လူ ရှိတယ်ဆိုလို့ရှိရင် အသက် ၂၀ ဝန်းကျင် ဝန်းကျင်မှ သူက… အသက် ၂၀ ဝန်းကျင်၊ အရပ်က ဘယ်လောက်လဲ၊ ၅ ပေ ဝန်းကျင်ပေါ့နော်။ အရပ်က ၅ ပေ ဝန်းကျင်၊ ပိန်ပိန်လေးနဲ့ အသက် ၂၀ ဝန်းကျင်၊ အသားလေးကတော့ ဖြူဖြူ ပေါ့နော်။ ​အဲဒါလေး အကယ်၍ သံသယလူအဖြစ် တွေ့မိတယ်ဆိုလို့ရှိရင် ညီမကို လာရောက်ပြီးတော့ ပြောပြပေးကြပါဦးရှင့်” ဟု ပြောထားသည်။

မြေပြင်သတင်းအရ ဖမ်းမိထားသူများမှာ ကျောက်မဲမြို့မှ ၂ မိုင်ခန့်အကွာ ကောင်းအက်ရွာတွင် နေထိုင်ဖူးသူများဖြစ်ပြီး လက်ရှိတွင် စစ်တပ်မှ စစ်မေးနေကြောင်း သိရသည်။

“မနေ့က တောင်နောက်မှာ မိတာ ၂ ဦးတဲ့၊ ပစ္စည်းတွေ မရသေးဘူး၊ ခုအတိုင်းဆို တစ်ယောက်လွတ်နေသေးတဲ့သဘောပဲ၊ မနေ့က အဲမိတဲ့ ဓားပြတွေကို ဆိုင်ရှေ့မှာ ဓါတ်ပုံရိုက်ပြီး အမှုကျူးလွန်ပုံကို ပြန်သရုပ်ပြခိုင်းတာရှိတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့က ရွှေဆိုင်ကို ဓားပြတိုက်သူမှာ သေနတ်ကိုင် လူ ၃ ဦးဖြစ်ပြီး ၎င်းတို့ပစ်ခတ်မှုကြောင့် ဆိုင်ရှင်နှင့် စည်ပင်ဝန်ထမ်းတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ပြီး ရွှေ ၈၀ ကျပ်သားခန့်ကို လုယက်ယူဆောင်သွားခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်မှု မရှိသေးပေ။

Ref: https://www.facebook.com/MeKongNewsMM/posts/