မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Tor Saralamba နဲ့ တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံတို့ဟာ ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ တာချီလိတ်မြို့မှာ တွေ့ဆုံပြီး နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ပထမတွေ့ဆုံဆွေးနွေးပွဲကို တာချီလိတ်မြို့ ခရိုင်/မြို့နယ် စုပေါင်းရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ လျှော့ချရေး၊ ရေကြီးရေလျှံမှုနဲ့ မီးခိုးမြူငွေ့ပြဿနာတွေမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ အပြန်အလှန်နားလည်မှု ပိုမိုခိုင်မာရေးအပြင် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ အစည်းအဝေးမှာ တက်ရောက်သူတွေက ပြောပါတယ်။

အဲဒီနောက် ထိုင်းသံအမတ်ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ တာချီလိတ်ခရိုင်ဘက်က တာဝန်ရှိသူတွေဟာ ဝိန်းကျောက်ရပ်ကွက်ရှိ Lord Eagle Hotel မှာ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေကို ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။
တာချီလိတ်ဟာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တာကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ လူဝင်လူထွက်၊ လုံခြုံရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ နယ်စပ်နေပြည်သူတွေအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေပါတယ်။
ဒီတွေ့ဆုံပွဲတွေကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်တဲ့ သံရုံးဝန်ထမ်းတွေ၊ တာချီလိတ်တပ်နယ်က တာဝန်ရှိသူတွေ၊ ခရိုင်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီဝင်တွေ၊ ခရိုင်ရဲတပ်ဖွဲ့၊ နယ်စပ်ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဆိုင်ရာ ခရိုင်အဆင့် တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
