သိန်းသောင်းချီဖြင့် ကြိုပွိုင့်ရောင်းချထားသော Marga Landmark ကုမ္ပဏီကို ဆက်သွယ်၍ မရတော့

ရန်ကုန်တွင် The Central နှင့် The Parkကွန်ဒိုတိုက်ခန်းများကို သိန်းသောင်းချီဖြင့် ကြိုပွိုင့်ရောင်းချထားသော Marga Landmark ကုမ္ပဏီကို ဆက်သွယ်၍ မရတော့ဘဲ ငွေများ ဆုံးရှုံးတော့မည်ကို စိုးရိမ်နေရပြီဟု အခန်းပိုင်ရှင်များပြောဆို

ရန်ကုန်တွင် The Central နှင့် The Park အိမ်ရာစီမံကိန်းမှ ကွန်ဒိုတိုက်ခန်းများကို သိန်းသောင်းချီဖြင့် ကြိုပွိုင့်ရောင်းချထားသော Marga Landmark ကုမ္ပဏီကို ဆက်သွယ်၍ မရတော့ဘဲ ကြိုပွိုင့်အခန်းများ အတွက် ပေးသွင်းထားသည့် ငွေကြေးများ ဆုံးရှုံးသွားတော့မည့် အခြေအနေအဖြစ် စိုးရိမ်ပူပန်နေရပြီဖြစ်ကြောင်း အခန်းဝယ်ထားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ငွေကျပ် သိန်းသောင်းချီဖြင့် ကွန်ဒိုတိုက်ခန်းများ ကြိုတင်ဝယ်ယူထားသော အခန်းပိုင်ရှင်များက Marga Landmark ကုမ္ပဏီထံသို့ အောက်တိုဘာ ၂ ရက် ညနေပိုင်းမှစတင်၍ ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြသော်လည်း ဆက်သွယ်၍ မရတော့ကြောင်း၊ အောက်တိုဘာ ၃ ရက်နေ့တွင်လည်း ကုမ္ပဏီရုံးသို့ လူကိုယ်တိုင် သွားရောက်ခဲ့ကြသော်လည်း ကုမ္ပဏီရုံးခန်းမှာ ချိတ်ပိတ်ထားပြီး မည်သူမှ မရှိတော့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာ ၃ ရက် ညနေပိုင်းတွင် The Central နှင့် The Park အိမ်ရာစီမံကိန်းများတွင် ကွန်ဒိုအခန်းဝယ်ယူထားသည့် အခန်းပိုင်ရှင် ၁၀၅ ဦးက ကြိုပွိုင့်ပေးထားသည့် အခန်းများကို မရရှိသေးသဖြင့် တရားဝင်အသိပေး၍ ဖြေရှင်းပေးရန် တောင်းဆိုစာများကို လူကိုယ်တိုင်သော်လည်းကောင်း၊ Royal Express ဖြင့်သော်လည်းကောင်း ပေးပို့ခဲ့ကြသော်လည်း Marga Landmark ကုမ္ပဏီရုံးတွင် လူမရှိတော့သောကြောင့် စာလက်ခံမည့်သူပင် မရှိတော့ကြောင်း သိရသည်။

“ဒီရက်ပိုင်းအတွင်းမှာပဲ ဖြစ်ပေါ်ပြောင်းလဲမှုတွေ အတော်များများဖြစ်သွားတယ်။ ကျနော်တို့ ဆက်သွယ်တာ ဆက်သွယ်မရတော့ဘူး။ Marga Landmark ကုမ္ပဏီရုံးခန်းကြီးလည်း ပိတ်ထားတယ်။ ဖုန်းတွေလည်း မကိုင်တော့ဘူး။ အခန်းပိုင်ရှင် ၁၀၅ ဦးက ဖြေရှင်းပေးဖို့ တရားဝင်ရှေ့နေနဲ့ စာပို့တာလည်း လက်မခံတော့ဘူး။ လုံးဝကို ဆက်သွယ်လို့မရတော့ဘူး။ ပြေးမယ့်သဘောဖြစ်နေပြီ” ဟု The Central နှင့် The Park တွင် ကြိုပွိုင့်အခန်း ၂ ခန်း ဝယ်ယူထားသူတစ်ဦးက ပြောဆိုသည်။

ဝယ်ယူသူများနှင့် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် အရောင်းပြခန်းကို ချိတ်ပိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ရုံးအတွင်းရှိ စာရွက်စာတမ်းများကို စစ်ဆေးရန်အတွက် သိမ်းဆည်းခဲ့သည့်အပြင် ဝန်ထမ်းများကိုလည်း ခေါ်ယူစစ်ဆေးခဲ့သည်ဟု သိရှိရကြောင်း အခန်းပိုင်ရှင်များက​ ပြောဆိုသည်။

“စသုံးလုံးက စစ်တယ်တို့ ဘာတို့တော့​ ပြောနေတာပဲ။ စသုံးလုံးကိုမေးတော့လည်း ဘာမှ မသိရဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ ကျနော်တို့ ကြိုပွိုင့်အခန်းဝယ်ထားတာတွေ ဆုံးတော့မယ်ထင်တယ်။ သက်ဆိုင်ရာကလည်း ခေါ်ယူ စစ်ဆေးတယ်ဆိုရင် သေချာလေး သတင်းထုတ်ပြန်ပေးပါ။ အခုက ဘယ်ကိုလိုက်လို့ လိုက်ရမှန်းကိုမသိတော့ဘူး” ဟု ကြိုပွိုင့် အခန်းပိုင်ရှင်က ဆက်လက်ပြောဆိုသည်။

The Central ကွန်ဒိုမှာ ယခုရက်ပိုင်းအတွင်း အခန်းများဝယ်ယူထားသူများက Marga Landmark ကုမ္ပဏီထံသို့ အခန်းများအပ်နှံနိုင်ခြင်းမရှိမှုအတွက် သွားရောက် ဖြေရှင်းချက်တောင်းခံရာမှ အခြေတင် အငြင်းပွားမှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့သင်္ည။

The Central၊ The Parkတွင် ကြိုပွိုင့် ဝယ်ယူထားသော အခန်းပိုင်ရှင်များမှာ အခန်းတန်ဖိုး၏ ၉၀ ရာခိုင်နှုန်းအထိ ငွေပေးသွင်းပြီးဖြစ်သော်လည်း စာချုပ်အရ အခန်းအပ်နှံရမည့်နှစ်ထက် အနည်းဆုံး ၂ နှစ်ကျော်ကြာသည်အထိ အခန်းများအပ်နှံနိုင်ခြင်းမရှိသေးသဖြင့် မည်သည့်အချိန်တွင် အခန်းရရှိနိုင်မည်ကို အကြိမ်ကြိမ် မေးမြန်းခဲ့ကြသော်လည်း ကုမ္ပဏီက ခေါင်းရှောင်နေကြောင်း သိရှိရသည်။

The Central စီမံကိန်းကို အကောင်အထည်ဖော်နေသည့် Developer ဖြစ်သော Marga Landmark ကုမ္ပဏီကမူ အခန်းပိုင်ရှင်များအားလုံးအတွက် အခန်းများကို အပြီးသတ်ဆောက်လုပ်၍ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း အခန်းပိုင်ရှင်များကို လုံး၀ ဆက်သွယ်ခြင်းမပြုတော့ဘဲ Marga Landmark ကုမ္ပဏီ တာဝန်ရှိသူများလည်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်ရှိ The Central အိမ်ရာစီမံကိန်းတွင် ၂၀၁၉ ခုနှစ်ကတည်းက အခန်းတန်ဖိုး၏ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ပေးချေထားသည့် ဝယ်ယူသူများ ရှိနေပြီး စာချုပ်ပါသတ်မှတ်ချက်အရ ၂၀၂၂ ခုနှစ်တွင် အခန်းအပ်နှံရမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ Foundation တည်ဆောက်ခြင်းပင် ပြုလုပ်ထားခြင်းမရှိသေးပေ။

The Central စီမံကိန်းကို Marga Landmark Development က တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ပြီး အခန်းဝယ်ယူထားသူများသည် ငွေကြေးအများအပြား ပေးချေထားသော်လည်း အခန်းအပ်နှံမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်မှုအခြေအနေများအပေါ် ရှင်းလင်းတိကျသည့် အဖြေမရရှိသေးဟု သိရှိရသည်။

ကြိုပွိုင့် အခန်းဝယ်ယူသူများက ရန်ကင်းမြို့မရဲစခန်းတွင်လည်း သွားရောက်တိုင်ကြားခဲ့သော်လည်း အမှုဖွင့်လှစ်ပေးခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် Marga Landmark Development က အလုံမြို့နယ်၊ တရုတ်သံရုံးအနီးတွင် ဆောက်လုပ်နေသည့် The Park ကွန်ဒိုစီမံကိန်းတွင်လည်း အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၅,၀၀၀ ဝန်းကျင်ဖြင့် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခဲ့ပြီး သတ်မှတ်ထားသည့် အခန်းအပ်နှံရက်ထက် ၆ နှစ်နီးပါး ကြာမြင့်သည့်အထိ အခန်းအပ်နှံနိုင်ခြင်း မရှိသေးကြောင်း ဝယ်ယူသူများက ပြောဆိုသည်။

The Park တွင် Terrace 3 အခန်းတစ်ခန်း ဝယ်ယူထားသူတစ်ဦးက ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အခန်းဝယ်ယူခဲ့ခြင်းဖြစ်ပြီး စာချုပ်အရ အခန်းအပ်နှံရမည့်ရက်ကို ၂၀၂၆ ခုနှစ် ဧပြီလဟု သတ်မှတ်ထားကြောင်းနှင့် ငွေပေးချေမှုအများစုကိုလည်း ပြီးစီးထားပြီဖြစ်ကြောင်း ပြောဆိုထားသည်။

အဆိုပါဝယ်ယူသူက Project တိုးတက်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများထံ အကြိမ်ကြိမ် Follow-up ပြုလုပ်ခဲ့သော်လည်း ကုမ္ပဏီဘက် တိကျသော အဖြေပေးခဲ့ခြင်းမရှိကြောင်း ပြောသည်။

လက်ရှိ အိမ်ရာစီမံကိန်းများနှင့် ပတ်သက်၍ ဝယ်ယူသူများက သက်ဆိုင်ရာကုမ္ပဏီများ၏ မြေပိုင်ဆိုင်မှု၊ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် (MIC)၊ စည်ပင်ဆိုင်ရာ လိုင်စင်နှင့် ဆောက်လုပ်ရေးခွင့်ပြုမိန့်များ အမှန်တကယ် ရှိ၊ မရှိကို သက်ဆိုင်ရာအာဏာပိုင်များက စာရွက်စာတမ်းများနှင့်တကွ ဖော်ထုတ်ပေးရန် တောင်းဆိုနေကြသည်။

Ref: https://www.facebook.com/khitthitnews/posts/