Nvidia ကုမ္ပဏီဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၅.၆ ထရီလီယံအထိ ရှိလာပါတယ်။ စီအီးအို Jensen Huang ဦးဆောင်တဲ့ ဒီကုမ္ပဏီဟာ အေအိုင်နည်းပညာ တိုးတက်မှုနဲ့အတူ ကမ္ဘာ့နံပါတ် ၁ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ Google၊ Apple နဲ့ Amazon တို့ထက်တောင် တန်ဖိုး ပိုမိုမြင့်မားနေပါတယ်။ ဒါပေမဲ့ ကုမ္ပဏီက ဝန်ထမ်းတွေကို နေ့လယ်စာ အလကား ကျွေးတာမျိုး မရှိပါဘူး။
ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ Gergely Orosz ဟာ ကယ်လီဖိုးနီးယားပြည်နယ်က Nvidia ရုံးချုပ်ကို ရောက်သွားပြီးနောက် ဒီအကြောင်းကို လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။ Big Tech ကုမ္ပဏီကြီးတွေမှာ မုန့်နဲ့ ကော်ဖီကို အလကားပေးလေ့ရှိပေမဲ့ Nvidia မှာတော့ ပိုက်ဆံပေးဝယ်ရတယ်လို့ သူက ဆိုပါတယ်။ ဝန်ထမ်းဟောင်းတွေရဲ့ အဆိုအရ ကော်ဖီတချို့ကို အလကားရပေမဲ့ ကန်တင်းက အစားအစာတွေနဲ့ အချိုရည်ဘူးတွေကိုတော့ လျှော့ဈေးနဲ့ပဲ ဝယ်ယူစားသောက်ရတာ ဖြစ်ပါတယ်။
ဒီမူဝါဒဟာ အခုမှ စတင်တာ မဟုတ်ဘဲ ဆယ်စုနှစ်တစ်ခုကျော် ကတည်းက ရှိခဲ့တာပါ။ ၂၀၁၄ ခုနှစ်က အလုပ်သင်တစ်ဦးရဲ့ ရေးသားချက်အရ အစားအစာတွေကို လျှော့ဈေး ဒေါ်လာ ၆ ဒေါ်လာ (ယနေ့ပေါက်ဈေး ၈.၅ ဒေါ်လာခန့်) နဲ့ ရောင်းပေးခဲ့ပါတယ်။ အစားအစာတွေကတော့ ဆူရှီ၊ ရာမင်၊ ပီဇာ၊ ကြက်သားဟင်းလျာတွေနဲ့ အသုပ်စုံတွေ ပါဝင်ပါတယ်။ မိုက်ခရိုဝေ့ဗ်နဲ့ ပြန်နွှေးတာမျိုး မဟုတ်ဘဲ၊ ထမင်းချက် စားဖိုမှူးတွေက ခေတ်မီတဲ့ ဟင်းလျာတွေကို နေ့စဉ် တီထွင်ချက်ပြုတ်ပေးကြတာ ဖြစ်ပါတယ်။
တခြား နည်းပညာကုမ္ပဏီကြီးများ နဲ့ ကွာခြားချက်
ဒီမူဝါဒဟာ တခြား နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ အတော်လေး ကွာခြားပါတယ်။ ဥပမာ Google ဆိုရင် ဝန်ထမ်းတွေကို မနက်စာ၊ နေ့လယ်စာနဲ့ ညစာပါ အလကား ကျွေးပါတယ်။ ရုံးချုပ်မှာတင် စားသောက်ဆိုင် ၃၀ ကျော် ဖွင့်ပေးထားပါတယ်။ အစားအသောက်ကတဆင့် မတူညီတဲ့ ဌာနက ဝန်ထမ်းတွေ အချင်းချင်း တွေ့ဆုံစကားပြောနိုင်ပြီး စိတ်ကူးသစ်တွေ ဖလှယ်နိုင်အောင် စီစဉ်ပေးတာလို့ Google ရဲ့ ထိပ်တန်းအရာရှိ Ruth Porat က ရှင်းပြဖူးပါတယ်။
ဒါပေမဲ့ ဆီလီကွန်တောင်ကြားမှာ အလကားကျွေးတဲ့ ခေတ်ကလည်း တဖြည်းဖြည်း ကုန်ဆုံးလာနေပါပြီ။ ၂၀၂၄ ခုနှစ်မှာ Meta ကုမ္ပဏီက အစားအသောက် ကူပွန်တွေကို အလွဲသုံးစားလုပ်တဲ့ ဝန်ထမ်း ၂၀ ကျော်ကို အလုပ်ထုတ်ခဲ့ပါတယ်။ Twitter (ယခု X) မှာလည်း အီလွန်မတ်စ် ဝယ်ယူပြီးနောက် အလကားကျွေးတဲ့ အစားအသောက်တွေကို အများကြီး လျှော့ချခဲ့ပါတယ်။
ဂျန်ဆန် ဟွမ်ရဲ့ အတွေးအခေါ် နဲ့ အလုပ်ခွင်ပုံစံ
Nvidia ကတော့ အစားအသောက် အလကားကျွေးတာထက် ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင် မျှတမှုကို ပိုဦးစားပေးပါတယ်။ ရုံးကို မဖြစ်မနေ လာစရာမလိုဘဲ အိမ်ကနေပါ အလှည့်ကျ အလုပ်လုပ်ခွင့် ပေးထားပါတယ်။
ဒီပုံစံဟာ တည်ထောင်သူ ဂျန်ဆန် ဟွမ် ရဲ့ အတွေးအခေါ်ကို ထင်ဟပ်နေပါတယ်။ ဟွမ် ဟာ ၁၉၉၃ ခုနှစ်မှာ Nvidia ကို စတင်တည်ထောင်ခဲ့ပြီး ဗီဒီယိုဂိမ်း ချစ်ပ်ပြား ထုတ်ရာကနေ အေအိုင် တော်လှန်ရေးရဲ့ အဓိက အင်ဂျင်ကြီး ဖြစ်လာအောင် စွမ်းဆောင်ခဲ့ပါတယ်။ သူဟာ တစ်ပတ်မှာ ၇ ရက်လုံး အလုပ်လုပ်ပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာချိန်မှာတောင် ကုမ္ပဏီ ပြိုလဲသွားမှာကို အမြဲကြောက်နေတယ် လို့ သူက ဝန်ခံခဲ့ပါတယ်။
၂၀၂၄ ခုနှစ် စတန်းဖို့ဒ် တက္ကသိုလ် မိန့်ခွန်းမှာလည်း “မင်းတို့ကို နာကျင်မှုတွေနဲ့ ဒုက္ခတွေ အများကြီး ကြုံတွေ့ပါစေလို့ ဆုတောင်းပေးတယ်” လို့ ကျောင်းသားတွေကို သူက ပြောခဲ့ပါတယ်။ ခက်ခဲကြမ်းတမ်းမှုတွေကသာ အကောင်းဆုံး ရလဒ်တွေကို ထွက်ပေါ်စေတယ်လို့ သူက ယုံကြည်ထားပါတယ်။
နေ့လယ်စာထက် ပိုတန်ဖိုးရှိတဲ့ စတော့ရှယ်ယာများ
တခြားကုမ္ပဏီတွေက ဝန်ထမ်းတွေကို အစားအသောက် ကျွေးဖို့ ဒေါ်လာ သန်းချီ သုံးနေချိန်မှာ Nvidia ကတော့ ပိုပြီး အကျိုးအမြတ်များတဲ့ အခွင့်အရေးကို ပေးထားပါတယ်။ အဲဒါကတော့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေကို လျှော့ဈေးနဲ့ ဝယ်ယူခွင့် ပေးထားတာပါ။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း Nvidia စတော့ရှယ်ယာ ဈေးနှုန်းဟာ ၁,၀၀၀ ရာခိုင်နှုန်းကျော်အထိ ထိုးတက်သွားခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဝယ်ယူကိုင်ဆောင်ထားတဲ့ ဝန်ထမ်းတွေဟာ နေ့လယ်စာ အလကား စားရတာထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိတဲ့ စည်းစိမ်ချမ်းသာတွေကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြပါတယ်။