ဘန်ကောက်၌ လူကုန်ကူးမှုနှင့် ဆက်စပ်သည့် စီးနင်းရှာဖွေမှုအတွင်း မြန်မာကလေး ၇ ဦးကို ကယ်တင်နိုင်ခဲ့

ထိုင်းနိုင်ငံ၊ ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန (DOPA) သည် ကလေးငယ်များကို ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာပြီး ပန်းရောင်းခိုင်းနေသည်ဆိုသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေစဉ် ဘန်ကောက်မြို့ရှိ အိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး သံသယရှိသူ ၄ ဦးကို ဖမ်းဆီးကာ မြန်မာလူငယ် ၇ ဦးကို ကယ်တင်နိုင်ခဲ့သည်။

DOPA ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦး ဦးဆောင်သည့် အထူးစစ်ဆင်ရေးအဖွဲ့ DOPA S.W.A.T. သည် ဖမ်းဝရမ်းများနှင့်အတူ ဘန်ကောက်မြို့၊ ဆာဖန်ဆွန်ခရိုင်၊ ရမ်ခမ်းဟဲင်လမ်းသွယ် ၁၂၂ ရှိ အိမ်တစ်အိမ်သို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ဆင်ရေးကို ပန်းဖူးလေးများကို ကာကွယ်ခြင်း (Protecting Rosebuds) ဟု အမည်ပေးထားသည်။

ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်ပြည်နယ်များရှိ ခရီးသွားများလာရောက်လေ့ရှိသည့် နေရာများတွင် ကလေးငယ်များကို ပန်း၊ အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခိုင်းရန် သံသယရှိသူများက မြန်မာနိုင်ငံမှ ခေါ်ဆောင်လာကြောင်း အများပြည်သူထံမှ တိုင်ကြားချက်များ ရရှိခဲ့ပြီးနောက် DOPA က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ Thai Mai Thon အဖွဲ့ထံသို့ ရမ်ခမ်းဟဲင်လမ်းသွယ် ၁၂၂ ရှိ အိမ်မှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးက အကူအညီတောင်းခံခဲ့သည်။

၎င်း၏ ပြောကြားချက်အရ သံသယရှိသူများသည် ၎င်းကို ညဘက်ဖျော်ဖြေရေးနေရာများတွင် ပန်းရောင်းခိုင်းခဲ့သည့်အပြင် အဓမ္မပြုကျင့်မှုနှင့် ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများလည်း ကျူးလွန်ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါအဖွဲ့မှ စေတနာ့ဝန်ထမ်းများက DOPA ၏ အထူးစစ်ဆင်ရေးအဖွဲ့ထံ ဆက်သွယ်အကြောင်းကြားခဲ့သည်။

စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ လူငယ်များကို ခေါင်ဆန်လမ်းနှင့် နွမ်ချန်လမ်းတို့တွင် ညနေစောင်းမှ နံနက် ၄ နာရီခန့်အထိ နေ့စဉ် ပန်းရောင်းချခိုင်းခဲ့ကြောင်း၊ ပန်းတစ်စည်းရောင်းချရသည့်အတွက် လူငယ်များကို ဘတ် ၁၀ သာ ပေးခဲ့ကြောင်းလည်း စုံစမ်းစစ်ဆေးသူများက ပြောဆိုထားသည်။

ထို့ပြင် သံသယရှိသူများသည် တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ရှိ တရားမဝင် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့် လူငယ်များကို မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ ခေါ်ဆောင်လာပြီးနောက် ဘန်ကောက်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောသည်။

သံသယရှိသူများသည် ရမ်ခမ်းဟဲင်လမ်းသွယ် ၁၂၂ ရှိ အိမ်ကိုလည်း ငှားရမ်းနေထိုင်ခဲ့သည်မှာ နှစ်လကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ၄ ဦးအနက် နှစ်ဦးမှာ အိုရာနွတ် ပီဝီ (Oranuch Piwi) နှင့် ဥကရစ် (Ukrit) အမည်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း တာဝန်ရှိသူများက ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ အိုရာနွတ်သည် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူဖြစ်ပြီး ဥကရစ်မှာမူ သုညဂဏန်းဖြင့် စတင်သည့် မှတ်ပုံတင်နံပါတ်ပါ ကတ်တစ်ခုကို ကိုင်ဆောင်ထားသူဖြစ်သည်။

ရမ်ခမ်းဟဲင်လမ်းသွယ် ၁၂၂ ရှိ အိမ်မှ ကယ်တင်ထားသည့် မြန်မာလူငယ် ၇ ဦးကို ဘန်ချန်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး လူကုန်ကူးခံရသူ ဟုတ်၊ မဟုတ် စိစစ်ရန် ဘက်ပေါင်းစုံပါဝင်သည့် အဖွဲ့တစ်ဖွဲ့က စစ်ဆေးခဲ့ကြောင်း၊ အဆိုပါအဖွဲ့တွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စိတ်ပညာရှင်များလည်း ပါဝင်ခဲ့သည်။

စစ်ဆေးမှုများ ပြီးဆုံးသည့်နောက် ကယ်တင်ထားသည့် လူငယ်များကို နွန်ထဘူရီပြည်နယ်ရှိ Kredtrakarn ကာကွယ်စောင့်ရှောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစင်တာသို့ ပို့ဆောင်ရန် တာဝန်ရှိသူများက စီစဉ်ထားကြောင်း သိရသည်။

သံသယရှိသူများ၏ ပြောကြားချက်အရ ရမ်ခမ်းဟဲင်လမ်းသွယ် ၁၂၀ ရှိ နောက်ထပ်အိမ်တစ်အိမ်ကိုလည်း စစ်ဆေး
သံသယရှိသူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့၏ ဆွေမျိုးတစ်ဦးနှင့် ဆက်စပ်သည့် ရမ်ခမ်းဟဲင်လမ်းသွယ် ၁၂၀ ရှိ နောက်ထပ်အိမ်တစ်အိမ်ကိုလည်း တာဝန်ရှိသူများက ဆက်လက်စစ်ဆေးခဲ့သည်။

ရမ်ခမ်းဟဲင်လမ်းသွယ် ၁၂၀ ရှိ အိမ်၏ ပိုင်ရှင်ဖြစ်ကြောင်း ပြောဆိုသည့် အမျိုးသမီးတစ်ဦးက အဆိုပါအိမ်တွင် လူငယ် ၅ ဦး နေထိုင်ကြောင်းနှင့် ၎င်းတို့သည် တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှ လာရောက်သူများဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါအမျိုးသမီးက လူငယ်အချို့သည် ကျောင်းတက်ပြီးနောက် ညနေပိုင်းတွင် လိမ္မော်ရည်ရောင်းချကြောင်း ဝန်ခံခဲ့သော်လည်း ၎င်းတို့ကို အခြားနေရာများသို့ ပန်းရောင်းရန် ခေါ်ဆောင်သွားခဲ့ဖူးခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

တာဝန်ရှိသူများက အဆိုပါအိမ်ကို ရှာဖွေစစ်ဆေးရန် ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပြီး အိမ်အတွင်းရှိ လူငယ်များကို တွေ့ရှိခဲ့ကာ၊ ၎င်းတို့၏ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာမှုနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Ref: https://mpanews.info/headline/13646/

Leave a Reply