၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော် ကျင်းပရန် တစ်လကျော် လိုအပ်နေသေးသော်လည်း တောင်ကြီးမြို့ရှိ ဟိုတယ်နှင့် တည်းခိုခန်းများမှာ ဘွတ်ကင်များ အပြည့်ဖြစ်နေပြီဖြစ်ကြောင်း မြို့ခံနှင့် သွားလည်မည့်သူများထံမှ သိရသည်။
ထို့ကြောင့် လာရောက်လည်ပတ်မည့် ပြည်သူများအနေဖြင့် နေထိုင်ရန် အိမ်နှင့် အခန်းများ ငှားရမ်းရာတွင် သေချာစွာ စုံစမ်းပြီးမှ ငှားရမ်းကြရန် ဒေသခံများက သတိပေးနှိုးဆော်နေကြသည်။
လာမည့် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ (၇) ရက်တိုင်တိုင် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပမည့် အဆိုပါ ပွဲတော်တွင် နေ့လယ်ပိုင်း ခြေနှစ်ချောင်း၊ ခြေလေးချောင်းနှင့် အရုပ်မီးပုံးပျံများအပြင် ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားကပ် မီးပုံးပျံများကို လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မီးပုံးပျံ အရေအတွက်နှင့် ရာသီဥတု အခြေအနေပေါ် မူတည်၍ ပွဲတော်ရက် ထပ်မံ တိုးမြှင့်နိုင်ကြောင်းလည်း သိရသည်။
ပွဲတော်ကာလအတွင်း ဟိုတယ်နှင့် တည်းခိုခန်းများ ရရှိရန် ခက်ခဲလာသဖြင့် နေထိုင်ရန် အိမ်နှင့် အခန်းများ ငှားရမ်းကြသူများပြားနေပြီး အချို့မှာ မီးပုံးပျံကွင်း အနီးအနားမှ အခန်းများကို အပြိုင်အဆိုင် ရှာဖွေငှားရမ်းနေကြသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
သို့သော် မီးပုံးပျံကွင်း အနီးအနားရှိ ရပ်ကွက်များသည် ပွဲတော်ကာလအတွင်း ယာဉ်ကြော ပိတ်ဆို့မှု ပြင်းထန်လွန်းသည့်အတွက် ဒေသခံများပင် ပွဲတော်ရက်များ၌ အလုပ်လုပ်ရာ အနီးတွင်သာ ယာယီ ပြောင်းရွှေ့နေထိုင်ကြရသည်အထိ သွားရေးလာရေး ခက်ခဲကြောင်း ထောက်ပြကြသည်။
“ဟိုတယ်တွေ မရတော့လို့ အိမ်နဲ့ အခန်းငှားမယ့်သူတွေ အနေနဲ့ မီးပုံးပျံကွင်းနဲ့ နီးမှ မဟုတ်ပါဘူး၊ မြို့ထဲမှာ အဆင်ပြေတဲ့ ဘယ်နေရာဖြစ်ဖြစ် ရပါတယ်။ ကွင်းနဲ့နီးတာက ပွဲတော်ကာလကျရင် လမ်းတွေ အရမ်းပိတ်လို့ ဒေသခံတွေတောင် ကိုယ့်အိမ်ကို ပြန်လို့ မရကြဘူး” ဟု တောင်ကြီးမြို့ခံ အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် တောင်ကြီးမြို့၏ လမ်းများမှာ အတက်အဆင်း မတ်စောက်သည့်အပြင် ကွင်းရှောင်လမ်းများမှာ တစ်လမ်းသွား (One Way) စနစ်ဖြင့် သွားလာရသဖြင့် လမ်းမကျွမ်းကျင်ပါက မျက်စိလည် လမ်းမှားနိုင်ကြောင်း၊ မီးပုံးပျံကွင်း လှမ်းမြင်ရသည်ဆိုသည့် အိမ်များကို ငှားရမ်းမည်ဆိုပါကလည်း ကားနှင့် ဆိုင်ကယ် ဝင်ထွက်၍ ရမရ သေချာစွာ စုံစမ်းစစ်ဆေးပြီးမှ ငှားရမ်းသင့်ကြောင်း ဒေသခံများက အကြံပြုထားသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် တောင်ကြီးမြို့တွင် တိုက်ပွဲများမရှိသကဲ့သို့ အခြားမြို့များလို တော်လှန်ရေးလုပ်ဆောင်သူများလည်း မရှိသလောက်နည်းပါးသည့်အတွက် စစ်ကောင်စီစိတ်ကြိုက် ပွဲလမ်းသဘင်များကို နှစ်စဉ်ပြုလုပ်နိုင်လျက်ရှိသည်။