ထိုင်းတော်ဝင်လေတပ်သည် နိုင်ငံ၏ လေပိုင်နက်ကို ကာကွယ်ရန် ၂၄ နာရီပတ်လုံး အသင့်အနေအထားရှိကြောင်း ထိုင်းလေတပ်က အတည်ပြုထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်သည် တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့အပေါ် F-16 တိုက်လေယာဉ်များ ကင်းလှည့်ပျံသန်းခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယမန်နေ့ နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီခန့်တွင် ထိုင်းလေတပ်သည် နိုင်ငံ၏ အနောက်ဘက်နယ်စပ်တစ်လျှောက် တိုက်ခိုက်ရေးဆိုင်ရာ ကင်းလှည့်မှု ပြုလုပ်ရန် F-16 တိုက်လေယာဉ်များကို ပျံတက်စေခဲ့သည်။
ယင်းကင်းလှည့်မှုတွင် တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့အပေါ် ဝေဟင်လည်း ပါဝင်ပြီး စစ်ဆင်ရေးကို ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း လေတပ်က ပြောသည်။
ယင်း F-16 တိုက်လေယာဉ်များသည် ထိုင်းလေတပ်၏ သတ်မှတ်ချက်အရ Fighter Type 19 အမျိုးအစားဖြစ်ပြီး နခွန်ဆဝမ်ပြည်နယ်ရှိ တပ်မ ၄ လက်အောက်ခံ အမှတ် ၄၀၃ တိုက်လေယာဉ်တပ်၏ အသင့်အနေအထားယူထားသော တပ်ဖွဲ့မှ ပျံတက်လာခြင်းဖြစ်ကြောင်း ထိုင်းတော်ဝင်လေတပ် ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်ချုပ် ချာရွန် ဝတ်ထနာစရီမွန်ကွန် ပြောကြားသည်။
လေယာဉ်များကို အရေးပေါ်တုံ့ပြန်ပျံတက်ရေးစနစ် (QRA) အရ ပျံတက်စေခဲ့ခြင်းဖြစ်သည်။
ယခုစစ်ဆင်ရေးသည် ထိုင်းလေတပ်၏ လေကြောင်းစစ်အင်အားနှင့် အသင့်အနေအထားကို ပြသရန် ပုံမှန်ဆောင်ရွက်သည့် အစီအမံတစ်ခုဖြစ်ကြောင်း ချာရွန်က ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကို နိုင်ငံအားလုံးက လေးစားလိုက်နာရန် ထိုင်းနိုင်ငံ၏ တောင်းဆိုချက်ကိုလည်း ယခုကင်းလှည့်မှုက ထပ်မံအလေးပေးဖော်ပြခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ချာရွန်က မည်သည့်နိုင်ငံမဆို စစ်အင်အားအသုံးပြုရာတွင် သင့်လျော်မှုရှိရမည်ဖြစ်ပြီး အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်း မရှိစေရကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံနှင့် ထိုင်းလေတပ်သည် ယင်းမူများကို နိုင်ငံတကာစံနှုန်းများအဖြစ် အစဉ်တစိုက် လိုက်နာကျင့်သုံးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ထို့ပြင် ထိုင်းလေတပ်အနေဖြင့် နိုင်ငံ၏ လေပိုင်နက်ကို စောင့်ကြည့်ထိန်းသိမ်းနိုင်စွမ်းရှိသည့်အပြင် နေ့စဉ် ၂၄ နာရီပတ်လုံး စစ်ဆင်ရေးဆောင်ရွက်ရန် အသင့်ရှိကြောင်း ချာရွန်က ထပ်လောင်းအတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံ၏ ကောင်းကင်ယံနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် လေတပ်၏ စွမ်းဆောင်ရည်အားလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် ထိုင်းတော်ဝင်လေတပ်အပေါ် ယုံကြည်မှုရှိကြရန်လည်း တိုက်တွန်းခဲ့သည်။
မြန်မာစစ်အုပ်စုဘက်က ထိုင်းအာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မတရားအသင်းအဖြစ် ကြေညာထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ ပေါင်းသင်းဆက်ဆံခြင်း မပြုရန် ဩဂုတ် ၃၁ ရက်က နယ်ခြားကော်မတီမှတစ်ဆင့် သတိပေးစာ ပေးပို့ခဲ့ကြောင်း KNU ၏ စစ်ရေးဆိုင်ရာ ပြန်ကြားရေးတာဝန်ခံက ယမန်နေ့နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ မြန်မာ-ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီမှ ယင်းသတိပေးစာအား ထိုင်းနယ်ခြားကော်မတီမှတစ်ဆင့် ပေးပို့ရာတွင် ဖာပွန်မြို့နယ်၊ သံလွင်မြစ်ကမ်းဘေး ဒေသအခေါ် မယ်ရာထ (သော်လဲထ) နေရာရှိ နယ်စပ်ကုန်သွယ်ဂိတ်သည် KNU နယ်မြေအတွင်း လုပ်ဆောင်နေခြင်းဖြစ်ကာ မတရားအသင်းအဖြစ် သတ်မှတ်ထားသည့် KNU နှင့်ကုန်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေခြင်းကို ကန့်ကွက်ကြောင်း၊ KNU ၏ စခန်းများ၊ ထောက်ပံ့ရေးလမ်းကြောင်းများအား လေကြောင်းဖြင့်ဖြစ်စေ၊ လက်နက်ကြီးဖြင့်ဖြစ်စေ၊ ပစ်ခတ်ချေမှုန်းနိုင်ရေး ဆောင်ရွက်နေရာ ထိုင်းနိုင်ငံ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များများအနေဖြင့် KNU နှင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ ပေါင်းသင်းဆက်ဆံခြင်း လုံး၀ (လုံး၀) မပြုလုပ်သင့်ကြောင်းနှင့် စောင့်ကြည့်သွားမည်ဖြစ်ကာ KNU တပ်မဟာ ၅ နှင့်ဆက်လက် ပတ်သက်ပါက ထိုင်းဘက်ခြမ်း မဲဆမ်လပ်ရွာနှင့်ကပ်လျက် KNU စခန်းနှင့် ကုန်လှောင်ရုံများကို လေကြောင်း တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု သတိပေးစာထဲ ထည့်သွင်းရေးသားခဲ့သည်။
သော်လဲထစခန်းသည် မြန်မာစစ်တပ်က သိမ်းပိုက်နိုင်ခဲ့ဖူးသောစခန်း ဖြစ်သော်လည်း ၂၀၂၁ ခုနှစ် ဧပြီ ၂၇ ရက်၌ KNU တပ်မဟာ ၅ က ပြန်လည် သိမ်းပိုက်သွားနိုင်ခဲ့သည့်စခန်းဖြစ်သည်။
မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သော်လဲထစခန်းနှင့် ကပ်လျက် ထိုင်းဘက်ရှိ မဲဆမ်လပ်ရွာမှ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့သည်။
Ref: The Nation/Khaosod