ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) က အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများနှင့်ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် ပြည်သူများအနေဖြင့် အနည်းဆုံး ၇၂ နာရီကြာ ကိုယ်တိုင်ရပ်တည်နေထိုင်နိုင်ရန် အစားအသောက်၊ သောက်ရေ၊ ဆေးဝါးနှင့် အခြေခံအသုံးအဆောင်များပါဝင်သည့် အရေးပေါ်အိတ်များ ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းလိုက်သည်။
DDPM ညွှန်ကြားရေးမှူးချုပ် နီရတ် ပေါင်ဆစ်သစ်သဝန်က အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေများကြောင့် နိုင်ငံအချို့သည် ၎င်းတို့၏ နိုင်ငံသားများကို အခြေခံအသုံးအဆောင်များ သုံးရက်စာ ကြိုတင်စုဆောင်းထားရန် အကြံပြုထားကြောင်း ပြောသည်။
ထိုင်းနိုင်ငံသည် ယင်းကဲ့သို့သော အန္တရာယ်များနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများထဲတွင် မပါဝင်သော်လည်း အရေးပေါ်အိတ်တစ်လုံး ကြိုတင်ပြင်ဆင်ထားခြင်းသည် မမျှော်လင့်ထားသည့် အခြေအနေများကို ရင်ဆိုင်နိုင်ရန် အခြေခံကြိုတင်ကာကွယ်မှုတစ်ရပ်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားသည်။
အရေးပေါ်အိတ်များသည် နိုင်ငံတကာစစ်ရေးပဋိပက္ခများအတွက်သာမက ရုတ်တရက်ရေကြီးမှု၊ မြေပြိုမှုနှင့် ငလျင်လှုပ်ခတ်မှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ၊ ကူးစက်ရောဂါဖြစ်ပွားမှုများ၊ မီးလောင်မှုများ၊ အဓိကရုဏ်းများနှင့် အခြားအရေးပေါ်အခြေအနေများအတွက်လည်း ရည်ရွယ်ထားခြင်းဖြစ်သည်။
DDPM ၏ အဆိုအရ ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားပြီးနောက် ပထမဆုံး ၇၂ နာရီသည် အလွန်အရေးကြီးသည့် အချိန်ကာလဖြစ်ပြီး ယင်းကာလအတွင်း ဘေးသင့်ပြည်သူများသည် သက်ဆိုင်ရာအာဏာပိုင်များက အကူအညီပေးနိုင်ရန် စီစဉ်နေချိန်၌ မိမိတို့ဘာသာ ရပ်တည်နေထိုင်ရနိုင်ကြောင်း သိရသည်။
ဌာနက အိမ်ထောင်စုတိုင်းအနေဖြင့် အရေးပေါ်အိတ်တစ်လုံးတွင် အဓိကလိုအပ်သည့် ပစ္စည်းအမျိုးအစား ၆ မျိုးကို ထည့်သွင်းပြင်ဆင်ထားရန် အကြံပြုထားသည်။
၁။ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများ
ရှေးဦးသူနာပြုစုနည်းသုံးပစ္စည်းများ၊ အခြေခံဆေးဝါးများ၊ ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနေရသည့် ဆေးဝါးများနှင့် ဆေးမှတ်တမ်းများ ပါဝင်သင့်သည်။
၂။ အစားအသောက်နှင့် သောက်ရေ
လူတစ်ဦးလျှင် တစ်ရက်အတွက် သောက်ရေ အနည်းဆုံး ၃ လီတာနှုန်းဖြင့် ပြင်ဆင်ထားသင့်ပြီး အသင့်စားနိုင်သည့် အစားအစာများ၊ စွမ်းအင်မြင့်မားသည့် မုန့်များနှင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးလိုအပ်ချက်ရှိသူများအတွက် သီးခြားအစားအစာများ ထည့်သွင်းထားသင့်သည်။
၃။ ဆက်သွယ်ရေးပစ္စည်းများနှင့် အသုံးအဆောင်ကိရိယာများ
မိုဘိုင်းဖုန်း၊ အားသွင်းဘက်ထရီ (Power Bank)၊ ဓာတ်မီး၊ အပိုဘက်ထရီ၊ ဘက်ထရီဖြင့် အသုံးပြုနိုင်သည့် ရေဒီယို၊ လေချွန်၊ ဖယောင်းတိုင်၊ မီးခြစ်၊ မှတ်စုစာအုပ်၊ ဘောပင်၊ အိတ်ဆောင်ဓား၊ ကတ်ကြေး၊ ကြိုးနှင့် ကပ်ခွာတိပ်များ ပါဝင်သင့်သည်။
၄။ အရေးကြီးစာရွက်စာတမ်းများနှင့် ငွေသား
နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်း၊ ကျန်းမာရေးအာမခံကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဘဏ်စာအုပ်နှင့် မြေယာပိုင်ဆိုင်မှုစာရွက်စာတမ်းများ၏ မိတ္တူများကို ရေစိုခံအိတ်ဖြင့် ထည့်သိမ်းထားသင့်သည်။ ထို့အပြင် အပိုသော့များနှင့် ငွေပေးချေမှုစနစ်များ အသုံးမပြုနိုင်သည့် အခြေအနေအတွက် ငွေသားကိုလည်း ဆောင်ထားသင့်သည်။
၅။ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ
တစ်ရှူး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများနှင့် အမှိုက်အိတ်များ ပါဝင်သင့်သည်။
၆။ အဝတ်အထည်နှင့် အမိုးအကာဆိုင်ရာပစ္စည်းများ
အပိုအဝတ်အစားများ၊ မိုးကာအင်္ကျီ၊ ဦးထုပ်၊ စောင်နှင့် အိပ်ရာလိပ်များကိုလည်း ထည့်သွင်းပြင်ဆင်ထားသင့်သည်။
နီရတ်က သဘာဝဘေးအန္တရာယ်၊ ဆိုက်ဘာစစ်ပွဲ သို့မဟုတ် နိုင်ငံတကာပဋိပက္ခများကြောင့် အရေးပေါ်ရွှေ့ပြောင်းရသည့် အခြေအနေမျိုးတွင် ချက်ချင်းယူဆောင်သွားနိုင်ရန် အိမ်ထောင်စုတိုင်း၌ အရေးပေါ်အိတ်တစ်လုံး အဆင်သင့်ထားရှိသင့်ကြောင်း ပြောသည်။
အရေးပေါ်အိတ်အဖြစ် ပေါ့ပါးပြီး ရေစိုခံသည့် အိတ်ကို အသုံးပြုရန်၊ အလွယ်တကူ လှမ်းယူနိုင်သည့် နေရာတွင် ထားရှိရန်နှင့် အတွင်းရှိပစ္စည်းများ ပျက်စီးမှုရှိ၊ မရှိ၊ သက်တမ်းကုန်ဆုံးမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးရန်လည်း ၎င်းက အကြံပြုထားသည်။