ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့၊ အမှတ် (၆) ရပ်ကွက်ရှိ Welcome to Kalaw ဆိုင်းဘုတ်အနီးတွင် ကားကြမ်းခင်းအောက်၌ သိုဝှက်၍ အကောက်ခွန်မဲ့ သယ်ဆောင်လာသည့် တန်ဖိုးကျပ်သိန်း ၁၁၂၁ ခန့်ရှိ OPPO လက်ကိုင်ဖုန်း ၁၆၀ လုံးနှင့်အတူ အမျိုးသား ၂ ဦးကို စက်တင်ဘာ ၁၉ ရက် ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၉ ရက် ညပိုင်းက ကလောမြို့၊ အမှတ် (၆) ရပ်ကွက်၊ Welcome to Kalaw ဆိုင်းဘုတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များကို စစ်ဆေးနေစဉ် ကလောဘက်မှ နမ့်ပန်တက်ဘက်သို့ မောင်းနှင်လာသည့် အနက်ရောင် Myanmar Station Wagon ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရာတွင် ယာဉ်၏ ကြမ်းခင်းအောက်၌ ဖုံးကွယ်သယ်ဆောင်လာသည့် OPPO လက်ကိုင်ဖုန်း ၁၆၀ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း ၁၁၂၁ ခန့်ရှိကြောင်း သိရသည်။
‘’ကားကြမ်းခင်းအောက်အထိ ဖုန်းတွေကို ဖုံးကွယ်သယ်ဆောင်လာတာဆိုတော့ ပုံမှန်သယ်ယူတာမဟုတ်ဘဲ တရားမဝင်နည်းလမ်းနဲ့ သယ်ဆောင်လာတာဖြစ်နိုင်ပါတယ်။ ခုလိုသယ်ဆောင်လာတာက အကောက်ခွန်နဲ့ တရားဝင်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းတွေကို ရှောင်လွှဲဖို့ လုပ်ဆောင်တာလည်းဖြစ်နိုင်ပါတယ်။ ကလောကနေ ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ဆေးမှုတွေ ပိုများလာတာလည်း တွေ့ရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်..
အဆိုပါဖုန်းများနှင့်အတူ ဖမ်းဆီးရမိသူများမှာ မန္တလေးမြို့နေ ထွန်းထွန်းအောင်နှင့် လားရှိုးမြို့နေ ဝေယံထွန်းတို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးကို ကလောမြို့မရဲစခန်းက ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။