စစ်ကောင်စီထိန်းချုပ်နယ်မြေ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် တရုတ် ၁၄၄ ဦးအပါအဝင် ကျားဖြန့်ဂိုဏ်း ၁၅၆ ဦးကို ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၇ နာရီခန့်တွင် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်လေကျေးရွာ၊ နောင်လေငါးကန်စားသောက်ဆိုင်အနီးရှိ ခြံဝန်းအတွင်းကို ဝင်ရောက်စီးနင်းရာ တရုတ်နိုင်ငံသား အမျိုးသား ၁၄၀ ဦး၊ အမျိုးသမီး ၄ ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ကျားဖြန့် ၁၅၆ ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းဖမ်းဆီးမှုအတွင်း ဖုန်းမျိုးစုံ ၆၅၈ လုံး၊ All In One ကွန်ပျူတာ ၁၃၄ လုံး၊ Laptop ၂၈ လုံး၊ WIFI ROUTER စက် ၃ လုံး၊ STAR LINK GAN-3 ၁၃ လုံး၊ CPU ၁၅ လုံး၊ UPS ၅ လုံး၊ မီးစက် (120 KV) ၁ လုံး၊ မီးစက် (155KV) ၁ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ အအေးခံသေတ္တာ ၁ လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းနေရာတွင် တရုတ်ကျားဖြန့်မှား ရှိသည်ဟု သတင်းထွက်နေသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း စစ်ကောင်စီက ယခုအချိန်မှ ဖမ်းဆီးခြင်းသည် အလွန်နောက်ကျနေသည်ဟု ကျိုင်းတုံမြို့ခံတစ်ဦးကပြောသည်။
“အဲ့ဒီမှာ တရုတ်ကျားဖြန့်တွေရှိတယ်ဆိုတာက ဒေသခံတွေ သာမန်ပြည်သူတွေတောင် သတင်းကြားရတာကြာပြီ တစ်နှစ်လောက်ရှိပြီ။ အခုမှ ဖမ်းတာက နောက်ကျတာပေါ့။ ဒါပေမယ့် ဖမ်းတာကိုပဲ အကောင်းလို့ပြောရမှာပဲ”ဟု ၎င်းကပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့် အွန်လိုင်းလိမ်လည်ကျားဖြန့်သမားများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီကထုတ်ပြန်ချက်တွင်ဆိုသည်။
စစ်ကောင်စီက ထိုသို့ ထုတ်ပြန်သော်လည်း ဖမ်းဆီးရမိသည့် တရုတ်ကျားဖြန့်များကို မြန်မာဥပဒေဖြင့် အရေးယူလေ့မရှိပဲ သက်ဆိုင်ရာ တရုတ်နိုင်ငံကိုသာ ပြန်လည်လွဲပြောင်းပေးလျက်ရှိသည်။