ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှု အစိုးရိမ်ရဆုံးအခြေအနေ ရောက်နေချိန် ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှတိုက်ပွဲဝင်နေရသည့် သူနာပြုဆရာမတစ်ဦးကို လူငယ်များပါဝင်သည့် အုပ်စုမှ ဓားဖြင့်ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။
မေလကတည်းက ကွန်ဂိုတွင် အီဘိုလာရောဂါ စတင်ပျံ့နှံ့ခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၈၀၀ ကျော်သွားပြီဖြစ်ကာ အခြေအမြစ်မရှိသော သတင်းမှားများလည်း ဖြန့်ဖြူးနေကြသည်။
ရေပေးဝေရေးစနစ်အတွင်းသို့ ရည်ရွယ်ချက်ရှိစွာဖြင့် အီဘိုလာဗိုင်းရပ်စ်များအား ထည့်သွင်းဖြန့်ဖြူးနေသည်ဆိုသည့် သတင်းမှား လူမှုကွန်ရက် များပေါ် ပျံ့နှံ့လာခဲ့ပြီးနောက် သွေးဆာနေသော လူငယ်ဂိုဏ်းများသည် ဓားများ၊ တုတ်များဖြင့် ဆေးရုံများ၊ လူနာတင်ကားများ၊ ဆရာဝန်နှင့်သူနာပြုများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအပေါ် ဒေါသထွက်ကာ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုများ လုပ်ဆောင်လာခဲ့သည်။
နောက်ဆုံးသော တိုက်ခိုက်သတ်ဖြတ်မှုမှာ အောက်တိုဘာ ၂၃ ရက်ကဖြစ်ပြီး နိုင်ငံ၏ ဝေးလံသီခေါင်သော ဘက်ဖ်ဝါဆန်ဒီမြို့ အထွေထွေးဆေးရုံတွင် အီဘိုလာရောဂါသည်များနှင့်အတူ ရဲဝင့်စွာတိုက်ပွဲဝင်နေခဲ့သည့် သူနာပြုဆရာမအား လူတစ်စုက တုတ်များ၊ ဓားများဖြင့် လာရောက်ခုတ်သတ်သွားခဲ့ခြင်းဖြစ်သည်။
ယင်းနေ့မှာပင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို လူတစ်စုက တိုက်ခိုက်ခဲ့သေးကာ ရဲတပ်ဖွဲ့က လက်ဦးစွာ ကယ်တင်နိုင်ခဲ့သဖြင့် အသက်ဘေးမှလွတ်မြောက်ပြီး ဒဏ်ရာမျာသာ ရရှိခဲ့သည်။
ပြီးခဲ့သည့်လကလည်း ကွန်ဂိုနိုင်ငံရေးသမားတစ်ဦး လူထုအား လူအချင်းချင်း ခပ်ခွာခွာနေထိုင်ခြင်းနှင့် လက်ကို ပုံမှန်ဆေးကြောခြင်းကဲ့သို့သော ကာကွယ်တားဆီးရေးဆိုင်ရာ အစီအမံများကို လိုက်နာကြရန် တိုက်တွန်းပြောဆိုခဲ့ပြီးနောက် လူဆိုးဂိုဏ်းတစ်ဂိုဏ်းက ရက်စက်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့သည်။
“သေစေနိုင်သော ရောဂါဆိုးကြီးဘေးမှ လူ့အသိုင်းအဝိုင်းများကို ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်နေသူတိုင်းသည် ဂုဏ်သိက္ခာရှိရှိနှင့် လုံခြုံစိတ်ချစွာ လုပ်ကိုင်နိုင်ရမည်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်ထားရမည်” ဟု WHO ညွှန်ကြားရေးမှူးချုပ် ဂီဘရီယီးဆက်စ်က ပြောကြားခဲ့သည်။
“မှားယွင်းသော သတင်းအချက်အလက်များနှင့် ကြောက်ရွံ့မှုတို့ကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် လုံးဝခွင့်မပြုသင့်ပါ” ဟုလည်း အာဖရိကဒေသဆိုင်ရာ WHO ညွှန်ကြားရေးမှူး ဒေါက်တာယာကပ်ဂျနက်က ဖြည့်စွက်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ အီဘိုလာရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကြီးတန်းညှိနှိုင်းရေးမှူး ဂျူလီယန်ဟာနီအစ်ကလည်း သူနာပြုအား သတ်ဖြတ်မှုသည် အီဘိုလာရောဂါ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်သလို လူနာများအတွက်မူ ပိုမိုကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။
Ref:Thesun