ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၌ ငဝန်တာကျိုးပေါက်မှုကို အချိန် တ လကျော်ကြာ နိုင်ငံတော်အဆင့် ပြုပြင်ပြီးနောက် ရေဝင်မှု ထိန်းချုပ်နိုင်ပြီဟု ဧရာဝတီတိုင်းအစိုးရက စက်တင်ဘာ ၈ရက်၌ ကြေညာခဲ့ပြီး နောက်ရက်တွင် တာဘောင်ကို ပြုပြင်ထားသည့် အတွင်းပိုင်း သံတိုင်တချို့ ကွေးဝင်ပျက်စီးမှုကြောင့် ရေများ အရှိန်ဖြင့် ထပ်မံဝင်ရောက်နေသည်ဟု ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။
ယမန်နေ့ ည ၉ နာရီခန့်တွင် ရေစဝင်လာပြီး ရေဝင်စီးအားမှာ တစ တစ များလာသောကြောင့် ရေဝင်ပေါက်များ ပိုမိုကျယ်ပြန့်လာကာ ပြီးခဲ့သည့်ရက်ပိုင်းက ရေပြန်ကျခဲ့သော အိုင်သပြုလမ်းဆုံ လမ်းမကြီးပေါ်ထိ ရေကျော်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။

ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးက “လက်ရှိရေဝင်အားနဲ့ အချိန်မီပိတ်နိုင်ဖို့က မလွယ်သေးဘူး။ အဓိက ရေဝင်ပေါက်တွေ ထပ်မကျယ်အောင် လုပ်နိုင်မှရမယ်။ ရေဝင်ပေါက် ပိုကျယ်သွားရင်တော့ ရေက အခုထက်ပိုပြီး မြန်မြန်တက်လာနိုင်တယ်။ အခုတော့ တပေကျော်လောက် တက်သွားပြီ”ဟု ပြောသည်။
ထိုသို့ထပ်မံကျိုးပေါက်မှုကြောင့် လေးမျက်နှာတွင် ရေပြန်ကျ၍ နေအိမ်များတွင် ပြန်နေကြသော အနိမ့်ပိုင်းရပ်ကွက်များရှိ ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ကြရန် သတိပေးခဲ့သလို ကူညီကယ်ဆယ်ရေးအတွက်လည်း အသင်း အဖွဲ့တချို့က ညတွင်းချင်း လာရောက်စောင့်ဆိုင်းမှုများ ရှိသည်ဟု ဒေသခံများက ပြောသည်။
လေးမျက်နှာ ဒေသခံတဦးက “ရေနည်းနည်းကျသွားတဲ့အခါမှာ ကိုယ့်အိမ်ကိုယ် သန့်ရှင်းရေးလုပ်ပြီး ပြန်နေတဲ့သူတွေလည်း ရှိတယ်။ သူတို့ ( တာဝန်ရှိသူများ )ကလည်း ရေကို ထိန်းချုပ်လိုက်နိုင်ပါပြီလို့ ပြောတာရယ်၊ လက်တွေ့လည်း ထိန်းချုပ်နိုင်ခဲ့တာ မြင်ရတော့ ပြန်နေကြတာ။ အခုရေက စိတ်မချရတော့ ထပ်ပြောင်းရွှေ့ရမယ်”ဟု ပြောသည်။
ဇူလိုင် ၃၀ ရက်က စတင်ကျိုးပေါက်ခဲ့သည့် ငဝန်တာကြောင့် လေးမျက်မြို့နယ်အပါအဝင် ဧရာဝတီတိုင်း ၆ မြို့နယ်မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာပေါင်းရာချီရှိ လူဦးရေသိန်းချီ ရေဘေးသင့်ခဲ့ရပြီး အာဏာသိမ်းအစိုးရတာဝန်ရှိသူများက ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများကို ဩဂုတ်လ ၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ တလကျော်အကြာ စက်တင်ဘာ ၈ ရက်၌ ငဝန်တာ ရေဝင်လမ်းကြောင်း ထိန်းချုပ်နိုင်ပြီဟု ကြေညာခဲ့ခြင်းဖြစ်သည်။
