တရုတ်အတွက် သူလျှိုလုပ်ပြီး ထိုင်ဝမ်သမ္မတ၏သားကို လျှို့ဝှက်စောင့်ကြည့်ခဲ့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို FBI ဖမ်းဆီး

အမေရိကန်အာဏာပိုင်များသည် ကယ်လီဖိုးနီးယားပြည်နယ်မှ အမျိုးသမီးတစ်ဦးကို တနင်္ဂနွေနေ့တွင် ဖမ်းဆီးခဲ့ပြီး တရုတ်အရာရှိများ၏ ညွှန်ကြားချက်ဖြင့် ထိုင်ဝမ်သမ္မတ၏သားကို သူလျှိုလုပ်ကာ စောင့်ကြည့်ခဲ့သည်ဟု စွပ်စွဲထားကြောင်း အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ပြောကြားသည်။

FBI သည် Wanying Zhang သို့မဟုတ် Heather ဟုလည်း ခေါ်ဆိုသူ အသက် ၃၄ နှစ်အရွယ် Zhang ကို တနင်္ဂနွေနေ့တွင် Los Angeles အပြည်ပြည်ဆိုင်ရာလေဆိပ် (LAX) ၌ တရုတ်နိုင်ငံသို့ ထွက်ခွာရန် စီစဉ်ထားချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ် Irvine မြို့တွင် နေထိုင်သူ Zhang ကို အမေရိကန်တွင် မှတ်ပုံတင်ထားခြင်းမရှိသော နိုင်ငံခြားအေးဂျင့်အဖြစ် လုပ်ဆောင်ခဲ့သည် ဆိုသည့် စွဲချက်ဖြင့် တရားစွဲဆိုထားသည်။

FBI ၏ ပြောကြားချက်အရ Zhang သည် ထိုင်ဝမ်သမ္မတ Lai Ching-te ၏သားတစ်ဦးကို လျှို့ဝှက်စောင့်ကြည့်ခဲ့ကြောင်း၊ FBI က စောင့်ကြည့်ခံရသူ၏အမည်ကို တိုက်ရိုက်ဖော်ပြခြင်းမရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏အမည်မှာ အမေရိကန်တွင် နေထိုင်သူ Lai Ting-yu ဖြစ်ကြောင်း ဖော်ပြထားသည့် New York Post သတင်းကို ပြန်လည်မျှဝေခဲ့သည်။

ထိုင်ဝမ်သမ္မတရုံးက Zhang ၏ လုပ်ရပ်သည် နိုင်ငံဖြတ်ကျော် ဖိနှိပ်မှု (transnational repression) ၏ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု သတ်မှတ်ခဲ့ပြီး ထိုင်ဝမ်နိုင်ငံသားများကို ကာကွယ်ပေးသည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Karen Kuo က “လူ့အခွင့်အရေးနဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လျစ်လျူရှုတဲ့ ဒီလိုရိုင်းစိုင်းတဲ့ လုပ်ရပ်မျိုးကို ကျွန်မတို့နိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကမူ Reuters ၏ မှတ်ချက်တောင်းခံမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။

ထိုင်ဝမ်သမ္မတ Lai Ching-te နှင့် ၎င်း၏ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) သည် တရုတ်နိုင်ငံနှင့် သီးခြားဖြစ်သော ထိုင်ဝမ်၏ ကိုယ်ပိုင်အမှတ်သညာကို အလေးပေးပြောဆိုနေကြပြီး ယင်းရပ်တည်ချက်သည် ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားသည့် ဘေဂျင်းအစိုးရကို မကြာခဏ ဒေါသထွက်စေသည်။

Lai ကမူ ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများသာ ဆုံးဖြတ်နိုင်သည်ဟု ပြောကြားထားသည်။

အမေရိကန်တရားရေးဌာန၏ ပြောကြားချက်အရ Zhang သည် ၂၀၂၅ ခုနှစ်တွင် တရုတ်အရာရှိများ၏ ညွှန်ကြားချက်ဖြင့် Seattle မြို့သို့ သွားရောက်ခဲ့ပြီး ထိုင်ဝမ်သမ္မတ၏သားနှင့် ၎င်း၏မိသားစုဝင်များ၏ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် မော်တော်ယာဉ်လိုင်စင်နံပါတ်ပြား အချက်အလက်များကို တရုတ်ဘက်သို့ ပေးပို့ခဲ့သည်။

အမေရိကန်ဗဟိုခရိုင် ကယ်လီဖိုးနီးယားပြည်နယ်အတွက် ပထမလက်ထောက်အမေရိကန်အစိုးရရှေ့နေ Bill Essayli က Zhang သည် မိမိ၏ လုပ်ဆောင်မှုများကို အာဏာပိုင်များ မသိရှိစေရန် လျှို့ဝှက်နည်းလမ်းများ အသုံးပြုခဲ့ပြီး နိုင်ငံခြားအစိုးရတစ်ရပ်အတွက် လုပ်ဆောင်နေကြောင်း အမေရိကန်အစိုးရထံ အသိပေးထားခြင်း မရှိခဲ့ကြောင်း ပြောကြားသည်။

Zhang အတွက် ရှေ့နေတစ်ဦး ရှိ၊ မရှိကို ချက်ချင်းမသိရသေးပေ။ Essayli ၏ ပြောကြားချက်အရ သူမသည် တနင်္လာနေ့တွင် Los Angeles ဖက်ဒရယ်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်ခံရမည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေး မရှိသော်လည်း ထိုင်ဝမ်၏ အရေးအပါဆုံး နိုင်ငံတကာထောက်ခံသူနှင့် လက်နက်ပံ့ပိုးပေးသူနိုင်ငံ ဖြစ်သည်။

Ref: https://www.facebook.com/mmpressphoto/posts/