တာချီလိတ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ယာဉ်မောင်းတစ်ဦး သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဩဂုတ်လ ၁၆ ရက် မနက်အစောပိုင်းက ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ရေမြောင်းကာကွန်ကရစ်လက်ရမ်းကို ဝင်တိုက်ခဲ့တာကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပါတယ်။

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်၊ စက်မှုဇုန်လမ်းဆုံအနီး လေယာဉ်ကွင်းသွား ကားလမ်းပေါ်မှာ မနက် ၄ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ စက်မှုဇုန်လမ်းဆုံဘက်ကနေ ဟောင်လိတ်လမ်းဆုံဘက်ကို မောင်းနှင်လာတဲ့ အနက်ရောင် Honda Fit ကားဟာ အခင်းဖြစ်တဲ့နေရာအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောကို ရောက်ရှိသွားပြီး လမ်းဘေးရှိ ရေမြောင်းကာကွန်ကရစ်လက်ရမ်းကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

ယာဉ်ကို အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးတည်း မောင်းနှင်လာတာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ရင်ဘတ်မှာ ညိုမဲဒဏ်ရာရရှိကာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မနက် ၅ နာရီဝန်းကျင်မှာ တာချီလိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဆေးရုံက လက်ခံထားရှိခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် Honda Fit ကားရဲ့ ရှေ့ပိုင်းနဲ့ ရေတိုင်ကီ ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ခန့်မှန်းခြေအားဖြင့် ကျပ် ၁၀ သိန်းခန့်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဟောင်လိတ်နယ်မြေရဲစခန်းမှာ ယာဉ်မောင်းသူကို ရာဇသတ်ကြီးပုဒ်မ ၂၇၉ နဲ့ ၃၀၄-က တို့အရ အမှုဖွင့်ထားပြီး ဖြစ်စဉ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Ref: https://www.facebook.com/100089763846316/posts/