တာချီလိတ်၊ မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိ၊ နှစ်နိုင်ငံရပ်ကွက်များ၌ ရေများဝင်ရောက်

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်နှင့် ထိုင်းနိုင်ငံမယ်ဆိုင်တို့အကြား နယ်စပ်မျဥ်းအဖြစ် ဖြတ် သန်းစီးဆင်းနေသည့် မယ်ဆိုင်ချောင်းရေမှာ ယနေ့ စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီတွင် စိုးရိမ်ရေမှတ် ၃၉၀ စင်တီမီတာ အထိ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

မိုးမှာ စက်တင်ဘာ ၆ ရက်တွင် တစ်ညလုံး ရွာသွန်းခဲ့ခြင်းဖြစ်ပြီး မိုင်းဆတ်၊ ပူနားကို၊ လွိုင်ဆမ်ဆွန်တောင်ပေါ်၌လည်း ရွာသွန်းခဲ့သဖြင့်မယ်ဆိုင်ချောင်းရေမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆန်ဆိုင်း၊ ပုန်းထွန်ဘက်တွေ ရေစဝင်နေပြီ၊ အလူရာဟိုတယ်နောက်က ပုန်းထွန်ရပ်ကွက်ကို ရေပေါက်ပြီး ၀င်ခဲ့တဲ့နေရာက အခုလည်းထပ်ပြီး မယ်ဆိုင်ချောင်းရေ၀င်နေတာ မကာဟိုခမ်းရပ်ကွက်ရုံးနှင့် မြို့ပတ်လမ်းသင်္ဘောဟိုတယ်ရှေ့ ရေတက်နေပြီ”ဟု တာချီလိတ် ဒေသခံတစ်ဦးက ပြောသည်။

မယ်ဆိုင်မြို့ဘက်တွင်လည်း အမှတ် (၁) ချစ်ကြည်ရေးတံတား၏ ခန့်မှန်းခြေ ၄၀ မီတာအကွာ အမှတ် ၇ ရပ်ကွက် ဘန်ခေါင်ဆိုင်းဧရိယာတွင် ရေတားအဆောက်အအုံ ပေါက်ထွက်မှုကြောင့် အိမ်များအတွင်း ရေများဝင်ရောက်နေကြောင်း Mesaipress က ယနေ့နံနက် ၉နာရီတွင် ဖော်ပြထားသည်။

ယင်းသတင်းတွင် မယ်ဆိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူများကို စေလွှတ်ပြီး အရေးပေါ်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အကြီးစားစက်ယန္တရားတွေကို ပြင်ဆင်ထားကြောင်း ဖော်ပြထားသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/