တိုက်လေယာဉ်ကို တစ်ဦးတည်း မောင်းနှင်သည့် ကမ္ဘာ့ပထမဆုံး မိဖုရားကြီးအဖြစ် ထိုင်းမိဖုရား စုသီဒါ သမိုင်းစိုက်ထူ

ထိုင်းနိုင်ငံ မိဖုရားကြီး စုသီဒါ (Queen Suthida) သည် JAS 39C Gripen တိုက်လေယာဉ်ကို တစ်ဦးတည်း မောင်းနှင်သည့် ပထမဆုံး တစ်ကိုယ်တော် ပျံသန်းမှုကို အောင်မြင်စွာ မောင်းနှင်နိုင်ခဲ့ပြီး ကမ္ဘာ့သမိုင်းတွင် တိုက်လေယာဉ်ကို တစ်ဦးတည်း မောင်းနှင်သည့် ပထမဆုံးသော မိဖုရားကြီး ဖြစ်လာခဲ့သည်။

ယနေ့ (အောက်တိုဘာ ၈ ရက်) တွင် ပြုလုပ်ခဲ့သည့် အဆိုပါ သမိုင်းဝင် ပျံသန်းမှုကို ထိုင်းဘုရင် မဟာဝဇီရာလင်္ကွန်း (King Maha Vajiralongkorn) ကိုယ်တော်တိုင် တက်ရောက် ကြည့်ရှု အားပေးခဲ့ပြီး၊ ပျံသန်းမှု အောင်မြင်ပြီးနောက် မိဖုရားကြီးအား ဂုဏ်ပြု ပန်းစည်းနှင့်အတူ Gripen တိုက်လေယာဉ် မောင်းနှင်သည့် လေသူရဲများကို သီးသန့် ချီးမြှင့်သည့် ‘Gripen Order Golden Patch’ ရွှေတံဆိပ်ကို တပ်ဆင် ဂုဏ်ပြုခဲ့သည်။

ယနေ့နံနက်ပိုင်းက ဘုရင်မင်းမြတ်သည် ဆူရတ်ဌာနီခရိုင် (Surat Thani)၊ ဖုန်းဖင်းမြို့နယ်ရှိ တပ်မတော် လေတပ်စခန်း (Wing 7) သို့ သီးသန့် ခရီးစဉ်အဖြစ် ကြွရောက်ခဲ့ရာ မိဖုရားကြီး စုသီဒါနှင့်အတူ ထိုင်းဘုရင့်လေတပ် စေတနာ့ဝန်ထမ်း စစ်သေနာပတိချုပ် လေကြောင်းဗိုလ်ချုပ်ကြီး Seksan Kantha နှင့် Wing 7 တပ်မမှူး လေကြောင်းဗိုလ်မှူးကြီး Pasin Sombattawee တို့က ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

ဘုရင်မင်းမြတ်သည် ပျံသန်းမှု အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များကို နားထောင်ပြီးနောက် မိဖုရားကြီး စုသီဒါက တစ်ဦးထိုင် JAS 39C Gripen တိုက်လေယာဉ်အား မပျံသန်းမီ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ လေယာဉ်ပြေးလမ်းသို့ မောင်းနှင်ခြင်းနှင့် တစ်ကိုယ်တော် စတင် တက်ရောက်/ဆင်းသက်ခြင်း စသည့် ပျံသန်းမှု ဖြစ်စဉ် တစ်ခုလုံးကို ကြည့်ရှု အကဲခတ်ခဲ့သည်။

မိဖုရားကြီး စုသီဒါသည် ယခု တစ်ကိုယ်တော် ပျံသန်းမှုအတွက် လေတပ်စခန်း (Wing 7) တွင် သြဂုတ် ၂၀ ရက်မှ စက်တင်ဘာ ၄ ရက်အထိ တစ်ကြိမ်၊ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တစ်ကြိမ် စုစုပေါင်း သင်တန်း ကာလ နှစ်ခုခွဲ၍ ထိုင်းဘုရင့်လေတပ်၏ စံချိန်စံညွှန်းအတိုင်း နည်းပြများ၏ အနီးကပ် ကြီးကြပ်မှုဖြင့် Simulator ကျင့်စဉ်များအပါအဝင် စနစ်တကျ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တစ်ဦးတည်း မမောင်းနှင်မီ နှစ်ဦးထိုင် JAS 39D Gripen တိုက်လေယာဉ်ဖြင့် မောင်းနှင်သည့် ပျံသန်းချိန် ၁၀ နာရီကျော် ရရှိထားပြီး ဖြစ်သည်။

မိဖုရားကြီးသည် လေကြောင်း ပျံသန်းမှု နယ်ပယ်သို့ ၂၀၁၀ ပြည့်နှစ် မေလ ၁၃ ရက်နေ့တွင် Wing 6၊ အမှတ် (၆၀၄) လေတပ်စခန်း၌ T-41D သင်တန်းပေး လေယာဉ်ဖြင့် စတင် ဝင်ရောက်ခဲ့သူ ဖြစ်သည်။

ထိုအချိန်မှစ၍ ယခုအခါ လေယာဉ် အမျိုးအစား ပေါင်းစုံဖြင့် စုစုပေါင်း ပျံသန်းချိန် ၁,၁၈၈ နာရီကျော် ရရှိထားပြီးဖြစ်ရာ ယင်းတို့အနက် Boeing 737-800 ခရီးသည်တင် လေယာဉ်ကြီးဖြင့် မောင်းနှင်သည့် ပျံသန်းချိန် ပမာဏမှာ နာရီ ၄၅၀ ကျော် ပါဝင်သည်။

ထို့အပြင် မိဖုရားကြီး စုသီဒါသည် ဘုရင်မင်းမြတ်၏ ပြည်တွင်း/ပြည်ပ တော်ဝင် ခရီးစဉ်များတွင်လည်း တွဲဖက် လေသူရဲ (Co-pilot) အဖြစ် ပုံမှန် တာဝန်ယူ မောင်းနှင်လေ့ရှိပြီး၊ ကမ္ဘာပေါ်တွင် ဆင်းသက်ရ အခက်ခဲဆုံး လေဆိပ်များထဲမှ တစ်ခုအဖြစ် ထင်ရှားသည့် ဘူတန်နိုင်ငံ ပါရို အပြည်ပြည်ဆိုင်ရာ လေဆိပ် (Paro International Airport) သို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်တွင်လည်း ဘုရင့် တော်ဝင် လေယာဉ်ကို အောင်မြင်စွာ မောင်းနှင် ခဲ့ဖူးသူ ဖြစ်သည်။

Ref: https://mpanews.info/headline/13497/

Leave a Reply