တောင်ငူတွင် ဗုဒ္ဓရုပ်ပွားတော် လက် သီးသန့် ဖြတ်ခိုးသည့် ၁၃ နှစ်ကလေးငယ်ကို ဖမ်းဆီးအမှုဖွင့်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ဘိုးဘွားရိပ်သာ စေတီတော်မှ ဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတုများ၏ လက်တော်များကို သီးသန့် ဖြတ်တောက် ခိုးယူခဲ့သည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ထားကြောင်း ဒေသခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ် (၁) မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မင်းဒင် နှင့် အဖွဲ့သည် နယ်မြေအတွင်း ကင်းလှည့်နေစဉ် ဆေးရုံနောက်ကျော ကျုံးပတ်လမ်းအတိုင်း မသင်္ကာဖွယ် သွားလာနေသည့် လူငယ်တစ်ဦးကို တွေ့ရှိ၍ ရပ်တန့် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုအတွင်း တောင်ငူမြို့၊ အမှတ် (၁၈) ရပ်ကွက်၊ ကြာနီကန်တွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် ဇင်မင်းထက်၏ လက်ထဲ၌ ကိုင်ဆောင်ထားသော ကြွတ်ကြွတ်အိတ် အမည်းရောင်အတွင်းမှ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ၏ ဖြတ်တောက်ထားသော လက်တော်များကို စစ်ဆေး တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယင်းနောက် ဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များကို ဖြတ်တောက် ခိုးယူခဲ့သူ ဇင်မင်းထက်အား တောင်ငူမြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ (ခိုးမှု)၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။

ကြေးဆင်းတုတော်များ၏ လက်တော်များကို ဖြတ်တောက် ခိုးယူခဲ့သည့် အဆိုပါ ကလေးငယ်သည် မိဘနှစ်ပါးစလုံး မရှိတော့ဘဲ အဘွားဖြစ်သူနှင့်အတူ နေထိုင်နေသူ ဖြစ်ကြောင်း ကျူးလွန်သူနှင့် နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း သတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။

တောင်ငူမြို့ရှိ ဘိုးဘွားရိပ်သာ စေတီတော်အတွင်း စူဠာမဏိနှင့် သာသနာ့ဗိမာန်ဝင်းအတွင်း ပူဇော်ထားသည့် ဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတုတော်များ၏ လက်တော်များ ဖြတ်တောက် ခိုးယူခံရသည့် ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇူလိုင်လလယ်ပိုင်းကလည်း တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Ref: https://www.facebook.com/mmpressphoto/posts/