တံတား (၁) ပေါ် ယာဉ်ကြောပိတ်ဆို့မှုကြောင့် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ တွန်းလှည်း၊ သုံးဘီးများဖြင့် ကုန်သယ်ယူခွင့် ထိုင်းပိတ်ပင်

မယ်ဆိုင်မှ ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို လှည်းများ၊ သုံးဘီးများဖြင့် သယ်ယူခွင့်ကို ထိုင်းနိုင်ငံဘက်က နံနက် ၉နာရီ (မြန်မာအချိန်) မှ ညနေ ၄နာရီအထိ ပိတ်ပင်တားမြစ်ထားကြောင်း တံတား (၁) အနီး လုပ်ကိုင်နေသူများထံမှ သိရသည်။

လတ်တလော မယ်ဆိုင်မှ လာသည့် ကုန်များကို တံတား (၁) အလယ်တွင် ယာဉ်များ၊ လှည်းများ ရပ်တန့်ကာ လူဖြင့် တဆွဲ တာချီလိတ်ဘက်သို့ ကဲ့ယူနေရခြင်းဖြစ်ပြီး ယင်းသို့ သယ်ယူရာတွင် တံတားအလယ်၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေသည့်အတွက် ထိုင်းဘက်က ယခုလို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း တံတား (၁) အနီးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၈ ရက်မှ စတင်ကာ ယာဉ်သွားလာမှုများသည့် အချိန်များတွင် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၁၉ရက် နံနက် ၉ နာရီတွင်လည်း ပိတ်ပင်လိုက်ကြောင်း ၎င်းကပြောသည်။

“မနေ့ (စက်တင်ဘာ ၁၈)ကတော့ ညနေပိုင်း ၄နာရီကျော်ဆို တွန်းလှည်းနဲ့ ထွက်ခွင့်ပေးထားတယ်။ တစ်ဦးကို တစ်ခေါက်၊ နှစ်ခေါက်ပေါ့။ ဒီနေ့တော့ မသိသေးဘူး”​ဟု တံတား (၁) အနီး လုပ်ကိုင်နေသူက ပြောသည်။

စက်တင်ဘာလ ၁၅ရက်မှ စတင်ကာ မြန်မာဘက်အခြမ်း တာချီလိတ်တွင် မယ်ဆိုင်ဘက်မှ သုံးဘီး၊ မှန်လုံယာဉ်များဖြင့် အသားငါးနှင့် ဟင်းသီးဟင်းရွက် တင်သွင်းလာသည် ဖမ်းဆီးနေသည့်အတွက် ယခုကဲ့သို့ လူဖြင့် ကဲ့ယူနေရခြင်းဖြစ်သည်။

ထိုင်းဘက်မှ တင်သွင်းသည့် အသားငါးနှင့် ဟင်းသီးဟင်းရွက်များကို ကြိုတင်ကြေညာခြင်းမရှိဘဲ ရုတ်တရက် ဖမ်းဆီးအရေးယူမှုကြောင့် တာချီလိတ်ဒေသအတွင်း ပြည်သူလူထုများ များစွာ အခက်အခဲဖြစ်နေရပြီး ကိုဗစ်ကာလထက်ပင် ခက်ခဲသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

“အားလုံးအခက်အခဲဖြစ်သွားပြီ။ အခုက အခြေခံလူတန်းစားကစပြီး အားလုံးထိခိုက်ကြတာ။ တာချီလိတ်ဒေသက စားသောက်ကုန်နဲ့ ပတ်သက်လို့ မယ်ဆိုင်ဘက်က အားလုံးနီးပါး တင်သွင်းပြီး သုံးနေရတာ။ ပြည်မကနေ ဘယ်လိုမှ သွင်းလို့မရဘူး။ ဒေသတွင်းမှာလည်း စိုက်ပျိုးမွေးမြူရေးက အဲ့လောက်ရှိတာမဟုတ်ဘူး။ ဒေသတွင်းထွက်တာ ယာဘနဲ့ အိုက်စ်ပဲရှီတယ်” ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းအချို့ရှိသော်လည်း ထုတ်လုပ်နိုင်စွမ်းမှာ ဒေသတွင်း စားသုံးမှုနှင့် များစွာ ကွာဟနေပြီး ပြည်တွင်းမှ သယ်ယူရန်မှာလည်း လမ်းခရီးဝေးကွာလွန်းသည့်အတွက် အခက်အခဲများစွာရှိကြောင်း ဒေသခံများထံမှ သိရသည်။

Ref: https://www.facebook.com/MeKongNewsMM/posts/