နီပေါနှင့် တရုတ်နိုင်ငံ တိဗက်ဒေသနယ်စပ်တွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက မြေခဲမြစ်တစ်ခု ပြိုဆင်းရာမှ အရှိန်ပြင်းစွာထိုးဆင်းလာသည့် ရေခဲများ ရေများ၊ ကျောက်တုံး၊ ကျောက်ခဲများ၊ အမှိုက်သရိုက်များက နီပေါနိုင်ငံ၏ မြစ်များအတွင်းသို့ ထိုးဆင်းခဲ့မှု ဖြစ်ပေါ်ခဲ့ကာ မြို့ရွာများ၊ တံတားများ၊ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတစ်ခု နှင့် အဆောက်အဦးများကို တိုက်စားသယ်ဆောင်သွားခဲ့ပြီးနောက် ယနေ့နံနက်တွင် သေဆုံးသူ ဦးရေသည် ၄၇၀ ဦး အထိမြင့်တက်လာခဲ့ပြီး လူတစ်ထောင်နီးပါး ပျောက်ဆုံးသွားခဲ့ရာ မျှော်လင့်ချက်နည်းပါးနေသော်လည်း အသက်ရှင်ကျန်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြသည်။

နီပေါမြို့တော် ခတ္တမန္ဒူနှင့် တိဗက်မှ လာဆာမြို့ကို ဆက်သွယ်ထားသော လမ်းကြောင်းသည် စွန့်စားတောင်တက်သူများ၊ ဘုရားဖူများကြား ရေပန်စားပြီး ပျောက်ဆုံးနေသူများတွင် အနည်းဆုံး နိုင်ငံခြားသား ၅၄၀ ခန့် ပါဝင်သည်။
ပြိုဆင်းလာသော ကြီးမားသည့်ရေထုထည်နှင့် အမှိုက်သရိုက်များကြောင့် ဘေးအန္တရာယ်များ ထပ်မံ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက်ရေကြီးမှု ဖြစ်ပွားသောနေရာ၌ ပြိုဆင်းလာသော အမှိုက်သရိုက်များကြောင့် ဘုတ်ကိုရှီမြစ်ပေါ်တွင် ဖြစ်ပေါ်လာသော ရေကန်ကြီး တဖြည်းဖြည်း မြင့်တက်နေပြီး ပေါက်ထွက်နိုင်သော အန္တရာယ်ရှိနေသည်ဟု နီပေါဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်များက ပြောကြားကြသည်။
တရုတ်နိုင်ငံဘက်ခြမ်းတွင်လည်း ရေကာတာတည်ဆောက်ထားပြီး ဖြစ်သော ရေကန်တစ်ခုအတွင်းသို့ အိုလံပစ်ရေကူးကန်ရေပမာဏ ၁၂၀၀ နှင့် ညီမျှသော ကုဗမီတာ ၃ သန်း ရှိသောရေများ ဝင်ရောက်လာမည်ဟု မျှော်လင့်ထားကြသည်။
ယင်းရေကန်ကြီး ကျိုးပေါက်နိုင်သော အန္တရာယ်ရှိနေပြီး စက်တင်ဘာ ၁ ရက်ခန့်တွင် ရေစီးဆင်းမှု အများဆုံးပမာဏသို့ ရောက်ရှိနိုင်ကြောင်း ရေအရင်းအမြစ် ဝန်ကြီးဌာနကို ကိုးကား၍ အစိုးရမီဒီယာများက ဖော်ပြကြသည်။
“ရေထုထည်က ဆက်ပြီး များပြားလာပါတယ်။ ဒါနဲ့အတူ အန္တရာယ်လည်း များလာပါတယ်” ဟု ရေအရင်းအမြစ်ဝန်ကြီးဌာန ရေပညာဌာနမှ သုတေသီ ရှူကျင်ဖန်းက အစိုးရရုပ်သံ စီစီတီဗီအား ပြောကြားခဲ့သည်။

Ref:Reuters