မူးယစ်းဆေးဝါး နှိမ်းနှင်းရေး စစ်ဆင်ရေးတစ်ခုအတွင်းမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ၁၇ ကီလိုကျော်ကို တရုတ်ဘက်သို့ လွှဲပြောင်းပေးအပ်လိုက်သည်ဟု “ဝ”တပ်ဖွဲ့-UWSAက သတင်းထုတ်ပြန်သည်။
ယင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဩဂုတ် ၁၅ ရက်တွင် တရုတ်နယ်စပ် မုန်အာနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ဘက်သို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။
လွှဲပြောင်းပေးလိုက်သည့် မူးယစ်ဆေးဝါးများတွင် မက်သာဖက်တမင်း (အိုက်စ်) — ၆.၉ ကီလိုဂရမ်၊ ဟီးရိုးအင်း — ၇.၈ ကီလိုဂရမ်၊ အက်ဖက်ဒရင်း ၂.၅ ကီလိုဂရမ် စုစုပေါင်း ၁၇.၂ ကီလိုဂရမ် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပုံစံခွက် ၂၀ ခု၊ လေစုပ်ထုပ်ပိုးစက် ၅ လုံး၊ အပူပေး/ဖုတ်စက် ၁ လုံးနှင့် ထုပ်ပိုးအိတ် ၆ အိတ် တို့ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

ယခု လွှဲပြောင်းပေးလိုက်သည့် မူးယစ်ဆေးဝါးများသည် မကြာသေးမီက “ဝ” တရားရေးဌာနနှင့် တရုတ်ရဲတို့ ပူးပေါင်း၍ ဖမ်းဆီးခဲ့သည့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးသယ်ဆောင်မှု အမှုတစ်ခုမှ မူးယစ်ဆေးဝါးများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“ယခုစစ်ဆင်ရေးသည် တရုတ်ဘက်မှ ပေးပို့သည့် တိကျသော သတင်းအချက်အလက်များကို အခြေခံ၍ “ဝ” တရားရေးဌာနက အလျင်အမြန် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ အချိန်မီ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။”ဟု “ဝ”တပ်ဖွဲ့က ထုတ်ပြန်ချက်တွင်ပြောသည်။
ယင်း မူးယစ်ဆေးဝါးသယ်ဆောင်မှုကို ဖော်ထုတ်ပြီးနောက် နှစ်ဖက်ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားအရ အမှုနှင့်သက်ဆိုင်သည့် ပစ္စည်းများကို တရုတ်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု “ဝ”တပ်ဖွဲ့က ဆိုသည်။
“ဝ”တရားရေးဌာနအနေဖြင့် တရုတ်ဘက်နှင့် သတင်းအချက်အလက်မျှဝေမှုနှင့် ပူးတွဲဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးများကို ပုံမှန်ဆောင်ရွက်ကာ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို တားဆီးသွားမည်ဟုဆိုသည်။
