ဘန်ကောက်တွင် မြန်မာနိုင်ငံသားဟု ယူဆရသူတစ်ဦး ဓားဖြင့် လိုက်လံခုတ်၊ လူ ၄ ဦး ဒဏ်ရာရ

ဘန်ကောက်မြို့တွင် စက်တင်ဘာ ၂၄ ရက်က အမျိုးသားတစ်ဦး ဓားကိုင် သောင်းကျန်းမှုဖြစ်ပွားခဲ့ပြီး လူ ၄ ဦး ဒဏ်ရာရရှိကာ ဆိုင်အချို့၏ ပစ္စည်းများလည်း ပျက်စီးခဲ့ကြောင်း Khaosod English က ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်သည် Sukhumvit 21 လမ်း၊ Soi 3၊ အများအားဖြင့် Soi Asok Montri ဟု လူသိများသည့် နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားစဉ် ဓားကိုင်အမျိုးသားတစ်ဦး လမ်းဘေးပလက်ဖောင်းပေါ် လျှောက်သွားကာ အနီးရှိဆိုင်များမှ ပစ္စည်းများကို ဓားဖြင့် ဖျက်ဆီးနေသည့် မြင်ကွင်းများကို လူမှုကွန်ရက်အသုံးပြုသူ Nuchy Clubpolo က ဗီဒီယိုမှတ်တမ်းတင်ပြီး Facebook ပေါ်တွင် တင်ထားခဲ့သည်။

ဖြစ်စဉ်အပြီးတွင် သက်ဆိုင်ရာအာဏာပိုင်များက အခင်းဖြစ်နေရာသို့ အမြန်ရောက်ရှိလာပြီး အခြေအနေကို ထိန်းချုပ်ခဲ့သည်။ ဒဏ်ရာရရှိသူများကို ကူညီပေးရန်အတွက် Poh Teck Tung Foundation မှ ကယ်ဆယ်ရေးအဖွဲ့များလည်း အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည်။

အခင်းဖြစ်နေရာတွင် ရှိသူများ၏ ပြောကြားချက်များအရ ဓားကိုင်အမျိုးသားသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်နိုင်ပြီး ဇနီးဖြစ်သူကို ရှာဖွေမတွေ့ရှိခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်ကာ ယင်းသို့ သောင်းကျန်းခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

သို့သော် အဆိုပါအချက်များကို သက်ဆိုင်ရာအာဏာပိုင်များက သီးခြားအတည်ပြုထားခြင်း မရှိသေးပေ။

ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သူများသည် ဓားကိုင်အမျိုးသားနှင့် ယခင်က သိကျွမ်းသူများ မဟုတ်သကဲ့သို့ ပုဂ္ဂိုလ်ရေးအငြင်းပွားမှု သို့မဟုတ် အခြားပဋိပက္ခတစ်စုံတစ်ရာလည်း ရှိခဲ့ခြင်းမရှိကြောင်း မျက်မြင်သက်သေများက ပြောကြားထားသည်။

ထို့ကြောင့် ဓားကိုင်အမျိုးသားက လူများကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်း ရှိ၊ မရှိနှင့် ဖြစ်စဉ်နောက်ကွယ်မှ အကြောင်းရင်းအမှန်ကို သိရှိနိုင်ရန် တာဝန်ရှိသူများက ဆက်လက်စုံစမ်းလျက်ရှိသည်။

ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်စဉ်နှင့် ဆက်စပ်သည့် အခြေအနေများ၊ ကျူးလွန်သူ၏ နောက်ခံအချက်အလက်များနှင့် တိုက်ခိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

လက်ရှိတွင် ဓားကိုင်အမျိုးသား၏ ကိုယ်ရေးအချက်အလက်နှင့် ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများ၏ အသေးစိတ်အခြေအနေများကို သက်ဆိုင်ရာဘက်က ထပ်မံထုတ်ပြန်ထားခြင်း မရှိသေးပေ။

Ref: https://mpanews.info/headline/13092/