ဘန်ကောက်မြို့လယ် ရေကြီးစဉ် ရေပေါ်ဆိုင်ကယ် စီးသူ တရားစွဲခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အသစ်ပြင်ဆင်ထားသည့် ဖက်ချ်ဘူရီ လမ်းမကြီး (New Phetchaburi Road) ပေါ်တွင် ရေကြီးရေလျှံနေစဉ် ရေပေါ်ဆိုင်ကယ်(Jet Ski) ဖြင့် အရှိန်ပြင်းစွာ မောင်းနှင် သောင်းကျန်းခဲ့သူ အမျိုးသားတစ်ဦးအား ဖမ်းဆီး တရားစွဲဆိုလိုက်ပြီး ၎င်း Jet Ski ကိုပါ သိမ်းဆည်းပေးရန် ရဲတပ်ဖွဲ့က တရားရုံးသို့ လျှောက်ထားသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေကြီးနေသည့် လမ်းမပေါ်တွင် အဆိုပါ အမျိုးသားက ဂျက်စကီးကို အရှိန်ပြင်းစွာ မောင်းနှင်၍ အကွေ့အကောက်များ ပြုလုပ်ခဲ့သဖြင့် ပြင်းထန်သည့် ရေလှိုင်းများ ရိုက်ခတ်ကာ လမ်းဘေးရှိ ပြည်သူများ၏ နေအိမ်များနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် ရုပ်သံဗီဒီယို လူမှုကွန်ရက်ပေါ်တွင် ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြစ်မှုကျူးလွန်သူသည် ၎င်း၏ ကိုယ်ပိုင် ဖေ့စ်ဘုတ်ချောက်တွင် “B K K D R I F T” ဟု စာတန်းထိုးကာ လမ်းဘေး လူသွားစင်္ကြံများ၊ လူကူးတံတား လှေကားများနှင့် နံရံများဆီသို့ ရေစက်များ စိတ်ကြိုက် စပရေးဖြန်း၍ မောင်းနှင်နေသည့် ဗီဒီယိုကိုပါ တင်ခဲ့သေးသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မက္ကဆန် (Makkasan) မြို့နယ် ရဲစခန်းက ပြည်သူများ စိတ်ငြိုငြင်စေကာ အနှောင့်အယှက် ဖြစ်စေမှုဖြင့် ၎င်းအား ဖမ်းဆီး အရေးယူခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့တွင် တရားရုံးသို့ တင်ပို့မည် ဖြစ်သည်။

ရဲတပ်ဖွဲ့၏ အနီးစပ်ဆုံး စစ်ဆေးမေးမြန်းမှုများတွင် ပြစ်မှုကျူးလွန်သူက ၎င်းအနေဖြင့် ထိုင်းလူမှုအသိုင်းအဝိုင်း၏ ယဉ်ကျေးမှုနှင့် သတိပြုရမည့် အချက်များကို မသိရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ထို့အပြင် စိတ်ဖိစီးနေသည့် ပြည်သူများအတွက် ယခုကဲ့သို့ ပြုလုပ်ပေးခြင်းသည် စိတ်ဓာတ်ခွန်အား ရစေသည်ဟု နိုင်ငံခြားသား မိတ်ဆွေတစ်ဦး၏ တိုက်တွန်းချက်ကြောင့် ရေကြီးနေသည့် လမ်းမပေါ်သို့ ထိုင်းမိတ်ဆွေတစ်ဦးနှင့်အတူ သွားရောက်ကာ ဗီဒီယိုရိုက်ကူး မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဂျက်စကီးကို ဘဏ္ဍာအဖြစ် သိမ်းဆည်းပေးရန် တရားရုံးသို့ လျှောက်ထားရန် ပြင်ဆင်နေပြီး၊ တရားရုံး၏ အဆုံးအဖြတ်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။

Ref: https://mpanews.info/headline/13184/