မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို မတားနိုင်ဘဲ ထပ်မံပြိုကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနေရာကို စက်တင်ဘာ ၈ ရက်က ယာယီပြုပြင်ထားသော်လည်း ယမန်နေ့ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းကတည်းက ရေများ စိမ့်ဝင်လာနေရာမှ ညပိုင်းတွင် ထပ်မံကျိုးပျက်သွားကာ ချောင်းရေအလုံးအရင်းက တာချီလိတ်မြို့ထဲ အတားအဆီးမရှိ ဝင်ရောက်သွားခြင်းဖြစ်သည်။

“မနေ့က ချောင်းရေက ၄၇၆ စင်တီမီတာအထိ တက်ခဲ့တယ်။ ဒီမနက်တော့ ရေပြန်ကျနေပြီ။ ဒါပေမဲ့ နောက်ထပ် နောက်ထပ်တွေ ရှိနေတယ်။ နောက်တစ်ကြိမ် မိုးကြီးရေတက်လာရင် အခုလိုမဖြစ်အောင် သဲအိတ်တွေကို ခိုင်ခိုင်ခံ့ခံ့ သေချာပြန်လုပ်ပေးစေချင်တယ်” ဟု မကာဟိုခမ်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့ပေါ် မိုးရွာသွန်းမှု နည်းပါးနေသော်လည်း မယ်ဆိုင်ချောင်း မြစ်ဖျားခံ စီးဆင်းရာ တောင်ပေါ်ဒေသ၌ မိုးရွာသွန်းမှုများပြားနေခြင်းက ချောင်းရေများပြား မြင့်တက်စေနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီအတိုင်းဆို မယ်ဆိုင်ချောင်းရေကြီးပြီး မိုးလည်းသည်းမယ်၊ ဆက်တိုက်လည်းရွာမယ်ဆိုရင် ဒီထက် ပိုဆိုးလာမှာ။ ထိထိရောက်ရောက် သဘာဝဘေးကို တားဆီးပေးဖို့လိုမယ်။ ခုက တစ်နွေလုံး ယခင်နှစ်က တစ်နှစ်လုံး လုပ်နေတာ၊ မြို့ကို အပြည့်အဝ ကာကွယ်မပေးနိုင်သေးဘူး” ဟု ဒေသခံတစ်ဦးက ဝေဖန်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က သဘာဝဘေး ခံခဲ့ရပြီးနောက်ပိုင်း ပြုပြင်တည်ဆောက်မှုများ လုပ်ခဲ့သည်ဆိုသော်လည်း တာချီလိတ်မှာ ရေဘေးဒဏ် ခံနေရဆဲဖြစ်သဖြင့် ဒေသခံပြည်သူများက ဝေဖန်နေကြခြင်းဖြစ်သည်။

Ref: https://www.facebook.com/MeKongNewsMM/posts/