မဲခေါင်မြစ်ရေလျှံမှုသည် ယနေ့ ဩဂုတ် ၁၂ ရက် နံနက် တိုင်းတာမှုအရ စိုးရိမ်ရေအမှတ်ရောက်ရှိရန် ၂ စင်တီမီတာသာ လိုတော့ပြီး နာခွန်းဖာနွန်ခရိုင်ရှိ ထိုင်း – လာအိုနယ်စပ်စျေးကြီး ရေနစ်မြုပ်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်း မြစ်ရေတိုင်တာချက်တွင် ယမန်နေ့ကထက် ၁၅ စင်တီမီတာ မြင့်တက်လာပြီး ၁၁ ဒသမ ၉၈ မီတာအထိ ရောက်ရှိလာသဖြင့် စိုးရိမ်ရေအမှတ်ရောက်ရန် ၂ စင်တီမီတာသာလိုတော့ကြောင်း၊ မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်ဦးမည်ဖြစ်သောကြောင့် မြို့တွင်း မြစ်ရေများ မစီးဝင်စေရေး အဓိက ရေစုပ်စက်များရှိ ရေတံခါး ၄ ခုစလုံးကို ပိတ်ရန် နခွန်ဖနွမ် မြူနီစပယ်အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုင်း – လာအိုနယ်စပ်ကုန်သွယ်ရေးစျေးကြီးအတွင်း ရေလွှမ်းမိုးသွားရာတွင် မရွှေ့ပြောင်းနိုင်ခဲ့သည့် စျေးသည်များ၏ ပစ္စည်းများလည်း ရေနှင့်မျောပါမှုများရှိသလို အနီးအနားရှိ ငှက်ပျော၊ ဝါး၊ အုန်းအပါ စိုက်ခင်း ဧရိယာပေါင်း ၁၀၀ ရိုင်ကျော်လည်း ရေအောက် ၁ မီတာကျော် နစ်မြုပ်သွားပြီဖြစ်ပြီး ကွန်ကရစ်လမ်းမတစ်ခုလည်း ၃ ကီလိုမီတာ အရှည်အထိ ရေအောက်ရောက်သွားခဲ့ပြီဖြစ်သည်။
ဆက်လက် မိုးသည်းထန်နေပါက မြစ်ရေထပ်တိုးလာဦးမည် ဖြစ်သောကြောင့် ဆာခွန်းနာခွန်ခရိုင်တွင်လည်း ကြီးမားသည့် ရေစုပ်စက်ကြီး ၁၀ လုံးကို အရေးကြီးသော ရေဝင်ရာနေရာများတွင် အသင့်ထားရှိကာ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက ကြိုတင်ပြင်ဆင်ထားသည်။