ဇွန် ၂၃ ရက်ကတည်းက မယ်ဆိုင်ရှိ ထိုင်း-မြန်မာနယ်စပ်စစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ်ရာ ငွေသား ဘတ် ၂၃ သန်း သယ်ဆောင်လာသူကို ဖမ်းမိရာမှ စုံစမ်းစစ်ဆေးမှုများ တိုးချဲ့လုပ်ဆောင်ခဲ့ရာ မြန်မာနွယ်ဖွား မူးယစ်မှောင်ခိုနှင့် ကျားဖြန့်ဂုဏ်းခေါင်းဆောင် နျူးချန်နှင့်ပတ်သက်သည့် ငွေသားနှင့် ပိုင်ဆိုင်မှု ဘတ်သန်း ၁၀၀ ဖိုး သိမ်းဆည်းနိုင်ခဲ့ကြောင်း အောက်တိုဘာ ၉ ရက်၌ ထိုင်းတာဝန်ရှိသူများက သတင်းစာရှင်းလင်းခဲ့သည်။
မယ်ဆိုင်စစ်ဆေးရေးဂိတ်တွင် ငွေသား ဘတ် ၂၃ သန်းအား ပစ်ကပ်ကားဖြင့် သယ်ဆောင်လာသည့် စိုင်းဆိုသော မြန်မာနိုင်ငံသားကို ဖမ်းမိပြီးနောက် စစ်ဆေးခဲ့ရာတွင် ၎င်းသည် နျူးချန်နှင့် ဆက်သွယ်ကာ ထိုင်းနိုင်ငံမြောက်ပိုင်း တစ်လျှောက် ဘဏ်အကောင့်များမှ ငွေသားများ လိုက်ထုတ်ယူခဲ့သည်မှာ ဘတ်သန်း ၂၀၀ ကျော်ရှိခဲ့သည်ကို သိရှိခဲ့ရသည်။
စိုင်းသည် မြန်မာမှတ်ပုံတင်ကိုင်ဆောင်ထားသလို Luam Yilong အမည်ဖြင့် ထိုင်းနိုင်ငံသားကတ်လည်း ကိုင်ဆောင်ထားကာ သာပါနန်အမည်ဖြင့် ထိုင်းနိုင်ငံသားကတ် ကိုင်ဆောင်ထားခဲ့သော နျူးချန်အတွက် ကျားဖြန့်နှင့် မူးယစ်မှောင်ခိုမှုများမှ ရရှိသည့်ငွေထုတ်ခြင်းဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးမှုများ တိုးချဲ့လုပ်ဆောင်ခဲ့ရာ ချင်းရိုင်ခရိုင်၌ နျူးချန်ပိုင်ဆိုင်မှုများကို လိုက်လံသိမ်းဆည်းရာမှ ဘတ်သန်း ၁၀၀ တန်ငွေသားနှင့် ပိုင်ဆိုင်မှုတို့ကို သိမ်းနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ရှင်းလင်းပြောဆိုသည်။
ယခုလို သိမ်းဆည်းနေခြင်းသည် ဒုစရိုက်သမားပိုင်ဆိုင်မှုအား သိမ်းဆည်းခြင်းသက်သက်သာ မဟုတ်ဘဲ ကျားဖြန့်လိမ်လည်ခံရသူများထံ နစ်နာဆုံးရှုံးရသောငွေများ ပြန်ပေးနိုင်ရေးအတွက်လည်း ရည်ရွယ်သည်ဟု တာဝန်ရှိသူများက ရှင်းပြခဲ့သည်။
Ref:Thethaiger