“ဝ”တပ်ဖွဲ့ – UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသ မြန်မာ- ထိုင်းနယ်စပ် BP1 နယ်စပ်မျဉ်း၌ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးများ ကြားဖြတ်ဖမ်းဆီးရမိသည်ဟု UWSA ပြန်ကြားရေးတာဝန်ခံ ဦးညီရမ်းထံမှ သိရသည်။
နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးများ မြန်မာနိုင်ငံ BP1 နယ်စပ်မျဉ်းသို့ သယ်ယူပို့ဆောင်ပြီး ထိုင်းနိုင်ငံသို့ မှောင်ခိုတင်သွင်းမည်ဖြစ် ကြောင်းသိရှိရသဖြင့် UWSA အရာရှိနှင့် တပ်သား ၇၁ ဦး ကို BP1 နယ်စပ်မျဉ်းသို့ စေလွှတ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်ဂိတ်တွင် ကင်းစောင့်များကို ချထားခဲ့သည်ဟုဆိုသည်။
ဩဂုတ် ၂၈ ရက် သန်းခေါင်ယံခန့်တွင် နယ်စပ်ရှိ ယာယီကင်းစခန်း BP1 ၏ အနောက်တောင်ဘက် မီတာ ၇၇၉ အကွာတွင် လုံခြုရေးတပ်ဖွဲ့များသည် လူ ၁၀-၁၅ ဦးခန့်ရှိသော သံသယရှိ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတစ်ဂိုဏ်း ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းတို့အား ချက်ချင်းရပ်တန့်စစ်ဆေးရန် အမိန့်ပေးခဲ့သော်လည်း ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။

လိုက်လံဖမ်းဆီးစဉ်အတွင်း မက်သာဖက်တမင်း ၁၁ ထုပ် (ဆေးပြား ၂,၇၈၂,၀၀၀) ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ထွက်ပြေးသွားသည့် မူးယစ်ဆေးဝါး မှောင်ခိုသမားများအား ဖမ်းဆီးရန် အရင်းအမြစ်အမျိုးမျိုးမှ သဲလွန်စများကို စုဆောင်းပြီး BP1 နယ်စပ်တစ်လျှောက်၌ သေချာစွာရှာဖွေခြင်းနှင့် လိုက်လံဖမ်းဆီးနိုင်ခြင်းများကို ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရသည်။