ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်တွင် ကျားဖြန့်လုပ်ကိုင်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီပူးပေါင်းအဖွဲ့က ကျားဖြန့်သတင်းအရ ယမန်နေ့ (အောက်တိုဘာ ၆) မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် ဝင်းချယ်ရီအဆောင်သို့ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဝင်ရောက်ရှာဖွေစစ်ဆေးရာ အဆောင်ရှိ အခန်းအမှတ် (၂၁၄) အတွင်းမှ လားရှိုးမြို့နေ မင်ဟွေးဆင်၊ မဝှေဖူး၊ ကောင်းဝင်းကြည်(ခ)အန်းဝယ်နှင့် ထန်အင်ရှီ(ခ)အဖျင်းတို့ ၄ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် ၎င်းတို့ထံမှ အွန်လိုင်းလောင်းကစားလုပ်ငန်းတွင် အသုံးပြုသည့် Laptop ၄ လုံး၊ All in One ကွန်ပျူတာ ၁ လုံး၊ ဖုန်းမျိုးစုံ ၇ လုံး၊ Wi-Fi စက် ၂ လုံးနှင့် ငွေကျပ် ၄၇၅,၀၀၀ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီထုတ်ပြန်ချက်တွင်မူ ကျားဖြန့်လုပ်ကိုင်နေသူများဟု မသုံးနှုန်းဘဲ အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူများဟုသာ သုံးနှုန်းထားသည်။
ဖမ်းဆီးရမိသူ ၄ ဦးအား လားရှိုးမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ယင်းပုဒ်မသည် ပြစ်မှုထင်ရှားပါက ငွေဒဏ်အပြင် ထောင်ဒဏ် ၅ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။