ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နေအိမ်ဖောက်ထွင်း၍ ပစ္စည်းများ ခိုးယူရန် ကြိုးပမ်းနေသည့် လူငယ် ၃ ဦးကို ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက် (၅) ရှိ နေအိမ်တစ်အိမ်သို့ ယမန်နေ့ နံနက်ပိုင်းက လူငယ် ၃ ဦး ဝင်ရောက်ကာ ပစ္စည်းများ ခိုးယူနေစဉ် အနီးဝန်းကျင်ရှိ ပြည်သူများက သိရှိသွားပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများသည် မူးယစ်ဆေးဝါးသုံးစွဲထားဟန်ရှိပြီး စကားပြောဆိုရာတွင် ပုံမှန်မဟုတ်သည့် အခြေအနေတွေ့ရကြောင်း ဖြစ်စဉ်ကို သိရှိသူ လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
“ပုံစံက ဆေးသုံးထားတဲ့ လူငယ်တွေပဲ။ မေးရင် ဟိုမရောက် ဒီမရောက်နဲ့ စကားပြောတာတွေက ကြောင်သလိုလို ဖြစ်နေတာ တွေ့ရတယ်။ ဝင်ခိုးတုန်း ဝိုင်းဖမ်းခံလိုက်ရတာ။ အများနဲ့မို့ ဖမ်းမိတာ၊ မဟုတ်ရင် မလွယ်ဘူး။ သူခိုးတွေကလည်း ဓားရှည်တွေ ကိုင်ထားတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးရမိသူ ၃ ဦးမှာ တရုတ်လူငယ်များဖြစ်ကြောင်းနှင့် ပြည်သူများက ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“နည်းနည်းပါးပါး ကျွေးပြီးတော့ ရဲအပ်လိုက်ပြီ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေလျက်ရှိပြီး သူခိုးများကို ဖမ်းမိပါက လိုင်းပေါ်မတင်ကြရန် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ပြောဆိုထားသည်။
ယခုဖြစ်စဉ်တွင်လည်း ရပ်ကွက်အတွင်း နေအိမ်ဖောက်ထွင်းခိုးယူသူများကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များထံ မရောက်မီ ဒေသခံများက ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြည်သူများကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်းရသည့် ဖြစ်စဉ်များသည် မြို့တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအခြေအနေအပေါ် ဒေသခံများ၏ စိုးရိမ်မှုကိုလည်း ထင်ဟပ်စေသည်။