လေကြောင်းဖြင့် ထိုင်းမှ ထွက်ခွာသူ တိုင်းကို လေဆိပ်ခွန် ဘတ် ၁,၀၀၀ ကောက်ရန် ထိုင်းအစိုးရ စီစဉ်

ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများဖြင့် ပြည်ပသို့ ထွက်ခွာသည့် ခရီးသည် အားလုံးထံမှ နိုင်ငံသားမရွေး တစ်ကြိမ်လျှင် ထိုင်းဘတ်ငွေ ၁,၀၀၀ ခရီးစဉ်ထွက်ခွာခွန် (Departure Tax) ကောက်ခံမည့် ဥပဒေကြမ်းတစ်ရပ်ကို ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခွန်ဦးစီးဌာနတို့က အများပြည်သူ သဘောထား စေတနာကောက်ခံလျက် ရှိသည်။

အဆိုပါ ခရီးစဉ်ထွက်ခွာခွန် ဥပဒေကြမ်း (Departure Tax Act) ကို လာမည့် အောက်တိုဘာ ၂၉ ရက်နေ့အထိ ပြည်သူများနှင့် အကျိုးပါဝင်ပတ်သက်သူများထံမှ အကြံဉာဏ်များ ရယူသွားမည်ဖြစ်သည်။

“ယခု ဥပဒေကြမ်းသည် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း မူဘောင်အတွင်းမှ နိုင်ငံတော်၏ အရင်းအမြစ်များကို ပိုမို ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် အနာဂတ်တွင် ကြုံတွေ့လာရနိုင်သည့် အရေးပေါ် အခြေအနေများကို ပိုမို လျင်မြန်စွာ တုံ့ပြန်နိုင်ရေး ရည်ရွယ်ခြင်း ဖြစ်သည်” ဟု ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပထမအဆင့်အနေဖြင့် လေကြောင်းလိုင်းဖြင့် ထွက်ခွာသူများကိုသာ ဘတ် ၁,၀၀၀ စတင် ကောက်ခံမည်ဖြစ်ပြီး၊ ကုန်းလမ်းနှင့် ရေလမ်း ထွက်ခွာမှုများကိုမူ ကင်းလွတ်ခွင့် ပေးထားမည်ဖြစ်သည်။

ဥပဒေကြမ်းအရ ယင်းအခွန်ကို တစ်ကြိမ်လျှင် အများဆုံး ဘတ် ၅,၀၀၀ အထိ တိုးမြှင့်ကောက်ခံနိုင်သည့် ဝန်ကြီးဌာန အခွင့်အာဏာလည်း ပါဝင်သည်။

ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ် ဝယ်ယူချိန်တွင် လေကြောင်းလိုင်းများ သို့မဟုတ် လက်မှတ်အရောင်းအေးဂျင့်များထံ တစ်ပါတည်း ပေးဆောင်ရမည်ဖြစ်သည်။

အသက် ၂ နှစ်အောက် ကလေးငယ်များ၊ လေဆိပ်အတွင်း အကူးအပြောင်း (Transit) စောင့်ဆိုင်းသည့် ခရီးသည်များ၊ လေယာဉ် အမှုထမ်းများနှင့် တရားဝင် အစိုးရဧည့်သည်တော်များ စသည့် အကန့်အသတ်ရှိသူများသာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၂ ဆအပြင် တစ်လလျှင် ၁.၅ ရာခိုင်နှုန်း တိုးပွားဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းကို အစိုးရပြန်တမ်းတွင် တရားဝင် ထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၁၈၀ ပြည့်မြောက်သည့်နေ့မှစ၍ စတင် အသက်ဝင်မည်ဖြစ်ပြီး၊ ဥပဒေမပြဋ္ဌာန်းမီ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားသူများ ပေးဆောင်ရန် မလိုဟု သိရသည်။

ထိုင်းနိုင်ငံပိုင် လေဆိပ်များအာဏာပိုင်အဖွဲ့ (AOT) ၏ တရားဝင် ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံတစ်ဝန်း လေကြောင်းလိုင်းများမှတစ်ဆင့် တစ်ရက်လျှင် ခရီးသည် အဝင်အထွက် ပျမ်းမျှ ၃ သိန်းခွဲမှ ၄ သိန်းနီးပါးအထိ ရှိနေပြီး နှစ်စဉ် စုစုပေါင်း ခရီးသည် ၁၂၀ သန်းမှ ၁၂၅ သန်းကျော်ရှိသဖြင့် ယခု ဥပဒေ အသက်ဝင်လာပါက ထိုင်းအစိုးရအတွက် ဘဏ္ဍာငွေ ဘတ်သန်းပေါင်းများစွာ တိုးပွားရရှိလာမည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။

Ref: https://www.facebook.com/mmpressphoto/posts/

Leave a Reply