ဩဂုတ် ၉၊ ၂၀၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ဇာတ်စု၊ ညောင်ကိုးပင်ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းသည့် နမ်ပေါ့၊ မြို့လယ်ချောင်းများအတွင်းသို့ တောင်ကျရေများစီးဝင်လာမှုကြောင့် ရေထိန်းနံရံပြိုကျပြီး နေအိမ်တချို့ပျက်စီးမှုရှိကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့ တောင်ကျရေများ စီးဝင်မှုကြောင့် ဇာတ်စု၊ ညောင်ကိုးပင်ရပ်ကွက်များမှ နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
သီပေါမြို့ခံတဦးက “တောင်ကျရေကျလို့ နမ်ပေါ့ချောင်းနဲ့ မြို့လယ်ချောင်း ရေစီးကြမ်းပြီးဖြစ်သွားတာမျိုးပါ။ ချောင်းကမ်းပါးမှာ ကပ်ပြီး ဆောက်ထားတဲ့ အိမ်တချို့က မလွတ်ဘူး၊ တောင်ကျရေက ခပ်ကြမ်းကြမ်း ဆင်းလာတော့ လေး၊ ငါးအိမ်လောက်ပါပဲ၊ လူအသေအပျောက်တော့ မရှိပါဘူး။ အခု အပေါ်ရေ တကယ်မကြမ်းသေးဘူး။ တောင်ကျရေ တကယ်ကြမ်းရင် အခုထက်ပိုများမှာ” ဟု ပြောသည်။

သီပေါမြို့နယ်နှင့်အထက်ပိုင်းတွင် ဩဂုတ် ၈ ရက် ညပိုင်းမှ စ၍ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် နမ်ပေါ့၊ မြို့လယ်ချောင်းများအတွင်း တောင်ကျရေများစီးဝင်ခဲ့ပြီး ချောင်းကမ်းပါးနံရံများပြိုကျခြင်းဖြစ်သလို ယင်းချောင်းများသည် ဒုဋ္ဌဝတီမြစ်အတွင်း စီးဝင်သည့်ချောင်းများဖြစ်ကြောင်း သိရသည်။
