သုဝဏ္ဏဘူမိလေဆိပ်မှ ခရီးဆောင်အိတ်များ ကြန့်ကြာမှု ထိုင်းလေကြောင်း ဝေဖန်ခံရ

ဘန်ကောက်မြို့မိုးကြီးသည့်ရက်က သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ထမ်းများ အလုပ်မဆင်းနိုင်သဖြင့် ဝန်ဆောင်မှုနှောင့်နှေးကာ ခရီးဆောင်အိတ်များ သောင်တင်ကျန်ခဲ့သည့်အပေါ် တာဝန်ရှိထိုင်းလေကြောင်းလိုင်း (Thai Airways) မှာ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။

ထိုရက်က လေယာဉ်များ ပုံမှန်အတက်အဆင်းလုပ်နိုင်သော်လည်း လေဆိပ်ဝန်ထမ်းများ မလာရောက်နိုင်သဖြင့် ခရီးဆောင်အိတ်များ တင်ဆောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ခရီးသည်တင် လှေကားယာဉ်များ မောင်းနှင်ခြင်းနှင့် လေယာဉ်မြေပြင်ဝန်ဆောင်မှု ပစ္စည်းများ ရွှေ့ပြောင်းခြင်း လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။

ထို့အတွက် ထိုင်းလေကြောင်းလိုင်း စီမံခန့်ခွဲရေးအဖွဲ့မှာ ပြင်းထန်စွာဝေဖန်ခံနေရပြီး အမှုဆောင်အရာရှိချုပ်က ဝန်ထမ်းများအား အိမ်တိုင်ရာရောက် ယာဉ်များစေလွှတ်ခေါ်ယူသော်လည်း တချို့က ၎င်းတို့၏ ရေမြုပ်နေသည့် အိမ်များကို စိတ်မချ၍ လိုက်မလာကြောင်း၊ ယခုလို အဆင်မပြေမှုများအတွက် ခရီးသည်များကို တောင်းပန်ခဲ့ပြီး ကျန်နေသော ခရီးဆောင် အိတ်အားလုံး ခရီးသည်များထံ မရောက်မချင်း အခြေအနေကို အနီးကပ် ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဖြေရှင်းသည်။

ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးကမူ ယခုဖြစ်ရပ်က နိုင်ငံ့ခရီးသွားကဏ္ဍနှင့် အမျိုးသားလေကြောင်းလိုင်း ပုံရိပ်ကိုပါ ထိခိုက်စေကြောင်း၊ ခရီးဆောင်အိတ်များ မချရသေးသောကြောင့် လေယာဉ်များ ပုံမှန် မပျံသန်းနိုင်သည့်အပြင် ထွက်ခွာမည့် လေယာဉ်ပေါ်သို့ အိတ်များ မတင်ဆောင်နိုင်ခဲ့သဖြင့် နောက်ဆက်တွဲ ခရီးစဉ်များပါ ထိခိုက်စေခဲ့ကြောင်း ဆိုသည်။

ထို့အတွက် စက်တင်ဘာ၂၆ ရက်မှ ၂၇ ရက်အတွင်း ပြေးဆွဲခဲ့သော လေယာဉ်ခရီးစဉ် ၅၂ ခုမှ ခရီးဆောင်အိတ်များကို စစ်ဆေးခွဲခြားခြင်း၊ ခရီးသည် များထံပို့ပေးခြင်း လုပ်နေဆဲဖြစ်ပြီး၊ ကူညီရန် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စေလွှတ်ပေးထားကြောင်း၊ ထိုင်းစာတိုက်လုပ်ငန်းက ဝန်ထမ်းများနှင့် မော်တော်ယာဉ်များ ကူညီပေးထားသည့်အပြင် ထိုင်းလေကြောင်းလိုင်းဌာနချုပ်မှ စေတနာ့ဝန်ထမ်းများ ခေါ်ယူကာ ခရီးဆောင်အိတ် ထုတ်ယူသည့်နေရာနှင့် အစားအသောက် ဝန်ဆောင်မှုပိုင်းတွင် ကူညီရန် စေလွှတ်ထားကြောင်း သိရသည်။

ထို့ကြောင့် ခရီးသည်များအနေဖြင့် လေဆိပ်တွင် ဆက်လက်စောင့်ဆိုင်းမနေဘဲ QR code ကို စကင်ဖတ်ကာ ပို့ဆောင် ပေးရမည့် လိပ်စာများကို စာရင်းသွင်းထားရန် လေကြောင်းလိုင်းက မေတ္တာရပ်ခံထားသည်။

Ref: https://www.facebook.com/theirrawaddyburmese/posts/