ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေသည့် ပအိုဝ်းရွှေ့ပြောင်းအမျိုးသမီးတစ်ဦးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်ပြီး သေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၆ ရက်က အဆိုပါအမျိုးသမီးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် အဆောက်အအုံ သုံးထပ်ပေါ်မှ သံချောင်းတစ်ချောင်း ပြုတ်ကျလာပြီး ဦးခေါင်းပေါ်သို့ တိုက်ရိုက်ကျရောက်ခဲ့ခြင်း ဖြစ်သည်။
သံချောင်းမှာ အမျိုးသမီးဝတ်ဆင်ထားသည့် လုံခြုံရေးဦးထုပ်ကိုပင် ဖောက်ထွင်းပျက်စီးစေခဲ့ပြီး အဆိုပါအမျိုးသမီးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အပေါ်ကပစ္စည်းတွေ ပြုတ်ကျတာက အန္တရာယ်အရမ်းများတယ်။ ဦးထုပ်ဆောင်းထားတာတောင် ဒီလိုဖြစ်သွားတာဆိုတော့ အလုပ်သမားတွေရဲ့ လုံခြုံရေးကို အလုပ်ရှင်ဘက်က ပိုဂရုစိုက်ပေးသင့်တယ်” ဟု နီးစပ်သူတစ်ဦးကမဲခေါင်သို့ ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်သမားများ၏ လုံခြုံရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အကာအကွယ်ပစ္စည်းများကို ပိုမိုတင်းကျပ်စွာ လိုက်နာရန် လိုအပ်နေကြောင်း ရွှေ့ပြောင်းအလုပ်သမားများအကြား ပြောဆိုမှုများရှိသည်။
သေဆုံးသူမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ခေါ်ရွာနေ အသက် ၃၅ နှစ်အရွယ် နန်းရွန် ဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ထိုင်းနိုင်ငံ၌ ရောက်ရှိအလုပ်လုပ်ကိုင်နေသော ပအိုဝ်းတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားများအနက် အလုပ်ခွင်အတွင်း မတော်တဆဖြစ်ပြီး သေဆုံးခဲ့ရသူ ၂၀ဦး ရှိကြောင်း ထိုင်းနိုင်ငံရောက် ပအိုဝ်းလူမှုကူညီရေးအသင်းထံမှ သိရသည်။
