ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် ဩဂုတ် ၁၆ ရက် ညပိုင်းက မီးပုံးပျံပြုလုပ်ရန်အတွက် အသုံးပြုသည့် ယမ်းစမ်းမှုကို သေနတ်အတွင်း ထည့်သွင်းကာ ပစ်ဖောက်ခဲ့သဖြင့် အနီးဝန်းကျင်ရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရသည်။
အဆိုပါ ပစ်ခတ်မှုမှာ ကံကြီးရပ်ကွက်အတွင်း နေထိုင်သည့် PNO တပ်ဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုဖွဲ့ထားသည့် မီးပုံးပျံအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လူအိပ်ချိန် ညပိုင်းတွင် ရုတ်တရက် ပေါက်ကွဲသံနှင့် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာခြင်းကြောင့် အနီးဝန်းကျင်နေထိုင်သူများ ထိတ်လန့်ခဲ့ကြခြင်းဖြစ်ပြီး အချို့မှာ မိမိတို့နေအိမ်အတွင်းမှပင် အပြင်မထွက်ရဲဘဲ နေခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“ညဘက်ဆိုတော့ ရုတ်တရက် အသံကျယ်ကျယ်ကြားရတာ အရမ်းလန့်တယ်။ သေနတ်ပစ်တာလား၊ ပေါက်ကွဲတာလား မသိတော့ အပြင်တောင် မထွက်ရဲဘူး။ ကလေးတွေလည်း ကြောက်သွားကြတယ်” ဟု ကံကြီးရပ်ကွက် ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
မီးပုံးပျံပွဲများတွင် အသုံးပြုသည့် ယမ်းပစ္စည်းများကို သေနတ်ဖြင့် ပစ်ဖောက်ခြင်းမှာ အန္တရာယ်ရှိနိုင်ပြီး အနီးအနားရှိ လူနေအိမ်များနှင့် လူများကို ထိခိုက်နိုင်သည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်နေကြသည်။
အထူးသဖြင့် လူနေရပ်ကွက်အတွင်း မီးပုံးပျံနှင့်ပတ်သက်သည့် ယမ်းပစ္စည်းများကို ပစ်ဖောက်ခြင်းကြောင့် အနီးအနားရှိ နေအိမ်များ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ ထိခိုက်နိုင်သဖြင့် ယင်းကဲ့သို့ ပစ်ဖောက်မှုများ မပြုလုပ်ရန် ဒေသခံများက လိုလားနေကြသည်။
