ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည်ဟုဆိုကာ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဩဂုတ် ၂၃) က မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တစ်လုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများအနက် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၀ ဦး ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးရာတွင် ဖုန်းအမျိုးမျိုး ၇၇ လုံး၊ All-in-One ကွန်ပျူတာ ၃ လုံး၊ Laptop ၁ လုံးနှင့် အခြားလုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“အွန်လိုင်းလိမ်လည်မှုတွေ များလာတာကြောင့် အခုလို စစ်ဆေးဖမ်းဆီးတာတွေ ရှိလာတာပါ။ မူဆယ်ဘက်မှာလည်း ဒီလိုလုပ်ငန်းတွေ ရှိနေတယ်ဆိုရင် ဒေသခံတွေအတွက် စိုးရိမ်စရာဖြစ်ပါတယ်။ ဖမ်းဆီးပြီးတဲ့နောက် တကယ်ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုပါတယ်” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးထားသူများကို ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ဆေးမှုများ ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်ရေးအတွက် စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
