ကွယ်လွန်သူ တေးရေး/တေးဆို ကိုင်ဇာ(ခ) ဦးညီညီဝင်းအတွက် သက်ပျောက်ဆွမ်းကပ်အလှူကို ကျန်ရစ်သူမိသားစုက ရန်ကုန်မြို့နေအိမ်မှာ ဒီနေ့ မနက်ပိုင်းတုန်းက ပြုလုပ်ခဲ့ပါတယ်။
ကိုင်ဇာရဲ့ဈာပနကိုတော့ မနက်ဖြန် သြဂုတ်လ ၂၄ ရက်(တနင်္လာနေ့)မှာ ရေဝေးသုသာန်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

”ကိုင်ဇာရဲ့ရုပ်အလောင်းကို ဂူသွင်းမြှုပ်နှံမှာဖြစ်ပါတယ်” လို့ နာရေးကိစ္စတွေကို အနီးကပ်ဆောင်ရွက်ပေးနေသူတွေထဲက တစ်ဦးဖြစ်သလို ကိုင်ဇာရဲ့မိတ်ဆွေရင်းလည်းဖြစ်တဲ့ တက္ကသိုလ်လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးဇော်မြင့်က ပြောပါတယ်။
၁၉၈၀ ဝန်းကျင်ကာလတွေကစလို့ ထင်ရှားခဲ့တဲ့ တေးရေး/တေးဆို ကိုင်ဇာ ခေါ် ဦးညီညီဝင်းဟာ အဆုတ်ထဲ ပိုးဝင်တာကြောင့် အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေရင်း ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ မနေ့ညက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
သူ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပြီဖြစ်ပါတယ်။
